ကျိုင်းတုံတွင် တရုတ်နိုင်ငံမှ ပြန်လာသည့်မိသားစုထဲမှ ကလေးငယ်တစ်ဦး ဖျားနေသဖြင့် သီးခြားစောင့်ကြည့် ကုသနေ

ကျိုင်းတုံတွင် တရုတ်နိုင်ငံမှ ပြန်လာသည့်မိသားစုထဲမှ ကလေးငယ်တစ်ဦး ဖျားနေသဖြင့် သီးခြားစောင့်ကြည့် ကုသနေ
ဖေဖော်ဝါရီ 1, 2020
By Tachileik News Agency

ကျိုင်းတုံတွင် တရုတ်နိုင်ငံမှ ပြန်လာသည့်မိသားစုထဲမှ ကလေးငယ်တစ်ဦး ဖျားနေသဖြင့် သီးခြားစောင့်ကြည့် ကုသနေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် တရုတ်နိုင်ငံမှ ပြန်လာသည့် မိသားစုမှ ကလေးငယ်တစ်ဦး ဖျားပြီး ချောင်းဆိုးနေသည့်အတွက် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ သီးခြားစောင့်ကြည့်ကုသမှု လုပ်ပေးနေသော်လည်း စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။

“ကလေးရော၊ ကလေးမိဘတွေရော အားလုံး အခြေအနေကောင်းပါတယ်။ အဖျားတောင် မရှိပါဘူး။ စိုးရိမ်စရာ၊ ထိတ်လန့်စရာ မရှိပါဘူး။ ကလေးက အသက်က တစ်နှစ်ကျော်ပါ။ ကလေးက ဖျားတယ်၊ နှာရည်ယိုတယ်။ သူ့အမေက ဒီကဆိုတော့ တရုတ်နှစ်သစ်ကူးမှာ ပြန်လာလည်တယ်။ အဲဒီမှာ စီချွမ်ပြည်နယ်က လာတာဖြစ်တယ်။ (၁၄)ရက်မပြည့်ခင် ဖျားတာဆိုတော့ မဖြစ်သင့်တာ မဖြစ်အောင် ကြိုတင် ကာကွယ်မှုယူတဲ့အနေနဲ့ ကလေးရော အတူနေ မိဘတွေရောကို ခေါ်ထားလိုက်တာပါ။ ဒီနေ့ဆိုရင် သူတို့ မြန်မာပြည်ရောက်တာ (၁၄)ရက်ပြည့်တဲ့နေ့ပေါ့။ လက်ရှိ ဆေးရုံမှာ ကလေးရော သူ့အဖေအမေရော အားလုံးကို သီးသန့်ခန်းမှာ ထားပါတယ်။ စိတ်ချရပြီဆိုတဲ့အချိန်မှ ဆေးရုံ ဆင်းပေးမှာပါ။ ဒါကလည်း တစ်ယောက်ထဲရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘဲ ဆရာဝန်၊ ပညာရှင်များအားလုံး ဝိုင်းဝန်းဆုံးဖြတ်ပြီးမှပဲ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ အခုတော့ ကလေးအခြေအနေက တိုးတက်တယ်။ စိုးရိမ်ဖွယ် မရှိဘူးဆိုတာကို ဆေးရုံအုပ်ကြီးနဲ့လည်း တွေ့ပြီးဖြစ်လို့ အတည်ပြုပေးလို့ရပါတယ်”

ဟု ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့  ဖေဖော်ဝါရီလ(၁)ရက်နေ့ ည (၉)နာရီအချိန်တွင် အတည်ပြုပြောကြားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်ဝင်ပေါက် (၈)ခုတွင် ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင်ရောဂါ) ကာကွယ်ရေးအတွက် ကျန်းမာရေးအဖွဲ့များဖြင့် စစ်ဆေးမှုများ လုပ်ဆောင်နေသည့်အပြင် ဒေသတွင်း ကျန်းမာရေး ဝန်ထမ်းများ၊ ပြင်ပဆေးရုံ ဆေးခန်းများကိုပါ ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင်ရောဂါ) သံသယ ဖြစ်ဖွယ်လက္ခဏာများ တွေ့ရပါက ကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့ ချိတ်ဆက် ကုသပေးနိုင်ရေး အသိပေးရှင်းလင်းမှုများ လုပ်ဆောင်ထားကြောင်း သိရသည်။

“ကော်ရိုနာဗိုင်းရပ်စ်ကာကွယ်ရေးကို ပြည်နယ်အဆင့် ဆောင်ရွက်ထားသလို ကျွန်တော်တို့ဆီမှာလည်း ရောဂါကာကွယ်ရေး လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ ကျန်းမာရေးဌာန အနေနဲ့ကတော့ ဒါကို အရေးတကြီးနဲ့ ဦးစားပေး ဆောင်ရွက်နေတဲ့ လုပ်ငန်းလည်းဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ ဆောင်ရွက်နေတာကိုလည်း အဖက်ဖက်ကနေ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျ”

ဟု ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြောသည်။

ကော်ရိုနာဗိုင်းရပ်စ်ကြောင့် အဆုတ်ရောင်ခြင်း (ဝူဟန်အဆုတ်ရောင်ရောဂါ) သံသယလက္ခဏာများဖြစ်သည့် ကိုယ်အပူချိန် (၃၈) ဒီဂရီစင်တီဂရိတ်နှင့်အထက်ရှိခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်းနှင့် အားအင်ကုန်ခမ်းခြင်းများဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် အမြန်ဆုံးသတင်းပို့ ကုသမှုခံယူကြရန် ကျန်းမာရေးဦးစီးဌာနက သတိပေးနှိုးဆော်ထားသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~