တာချီလိတ် အရှေ့မြို့ရှောင်လမ်း ဖောက်လုပ်ရေးအတွက် လျော်ကြေးရယူထားသည့် နေအိမ်များကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် စတင်ဖျက်သိမ်းမည်

တာချီလိတ် အရှေ့မြို့ရှောင်လမ်း ဖောက်လုပ်ရေးအတွက် လျော်ကြေးရယူထားသည့် နေအိမ်များကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် စတင်ဖျက်သိမ်းမည်
ဖေဖော်ဝါရီ 6, 2020
By Tachileik News Agency
တာချီလိတ် အရှေ့မြို့ရှောင်လမ်း ဖောက်လုပ်ရေးအတွက် လျော်ကြေးရယူထားသည့် နေအိမ်များကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် စတင်ဖျက်သိမ်းမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အရှေ့မြို့ရှောင်လမ်းဖောက်လုပ်ရေးအတွက် လျော်ကြေးငွေရယူထားပြီး လမ်းနယ်ဧရိယာနှင့် မလွတ်ကင်းသည့် နေအိမ်များကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့ကစ၍ စတင်ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

"အဆောက်အဦးပါတယ်၊ လျော်ကြေးငွေယူထားတဲ့တောင်သူတွေနဲ့ တွေ့ဆုံတာပါ။ ဖြိုဖို့အတွက် ကွင်းဆင်းပြီးညှိနှိုင်းတာဖြစ်ပါတယ်။ သူတို့ဘက်ကလည်းသဘောတူပါတယ်။ ဖျက်သိမ်းဖို့က ပထမတော့ သူတို့ကိုယ်တိုင်ဖျက်မယ်ဆိုပြီးညှိနှိုင်းထားတာပေါ့။ အခုသူတို့ဘက်က လမ်းဦးစီးကနေပြီး ဖျက်ပေးပါလို့ အကူအညီ တောင်းတဲ့အတွက် ဖျက်သိမ်းပေးမှာပေါ့။ (၁၀) ရက်နေ့မှာ အပြီးဖယ်ပေးမှာဖြစ်တဲ့အတွက် (၁၁) ရက်နေ့မှာ ဖျက်သိမ်းသွားမှာဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အရှေ့မြို့ရှောင်လမ်း မြေသားလမ်းခင်းနိုင်ရေးအတွက် ပါလျှံရပ်ကွက်အတွင်းရှိ မြေယာနှင့် နေအိမ်အဆောက်အဦးများအတွက် နိုင်ငံတော်မှလျော်ကြေးငွေရယူထားသည့် အိမ်ပိုင်ရှင်များကို ဖယ်ရှားပေးရေးအတွက် ရန်အောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ယူညှိနှိုင်းဆွေးနွေးခဲ့ရာတွင် ပြေလည်မှုရရှိသဖြင့် ဖျက်သိမ်းနိုင်ရေးဆောင်ရွက်ခြင်းဖြစ်သည်။     

တာချီလိတ်မြို့ အရှေ့မြို့ရှောင်လမ်းဖောက်လုပ်ရေးအတွက် ရန်အောင်မြေရပ်ကွက်အတွင်းရှိ မြေယာလျော်ကြေးရယူထားသည့် ပါလျှံ(၃)အတွင်းမှ နေအိမ် (၄) လုံးနှင့် ခြံ (၄) ခြံ၊ ပါလျှံ (၁)အတွင်းမှ နေအိမ် (၆) လုံး၊ ခြံ (၂) ခြံ၊ စုစုပေါင်း နေအိမ် (၁၀) လုံး၊ ခြံ (၆) ခြံကို ဖျက်သိမ်းသွားမည်ဖြစ်ပြီး နေအိမ်ပိုင်ရှင် (၂) ဦးမှလည်း မြေယာလျော်ကြေးရယူရန် သဘောတူခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ရှောင်လမ်းကို မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားအနီးမှ ဦးထွန်းအောင်ဂိတ်အထိ မယ်ဆိုင်ချောင်းတစ်လျှောက် (၄) မိုင်အရှည် ဖောက်လုပ်မည်ဖြစ်ပြီး လမ်းနယ်အကျယ် (၈၄) ပေ၊ မြေသားတာဘောင် အကျယ် (၄၀) ပေ၊ ကွန်ကရစ်လမ်းအကျယ် (၂၃) ပေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှစတင်ဖောက်လုပ်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~