တာချီလိတ်မြို့နယ်တွင်း ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင် လုပ်ငန်းလုပ်ကိုင်လိုသူများ လုပ်ငန်းလိုင်စင် လျှောက်ထားနိုင်

တာချီလိတ်မြို့နယ်တွင်း ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင် လုပ်ငန်းလုပ်ကိုင်လိုသူများ လုပ်ငန်းလိုင်စင် လျှောက်ထားနိုင်
ဖေဖော်ဝါရီ 28, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်တွင်း ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင် လုပ်ငန်းလုပ်ကိုင်လိုသူများ လုပ်ငန်းလိုင်စင် လျှောက်ထားနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း  စက်သုံးဆီဂါလံ (၁,၀၀၀) အထိ သိုလှောင်ရောင်းချ နိုင်မည့် ကျေးရွာစက်သုံးဆီအရောင်းဆိုင်လိုင်စင်များ ခွင့်ပြုမည့်လုပ်ငန်းစဉ်များကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် တွေ့ဆုံရှင်းလင်းအသိပေးသည်။

ကျေးလက်ဒေသ အသေးစားစက်မှုလုပ်ငန်း၊ လယ်ယာဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာစေဖို့ ဖြေလျော့ပြီးတော့ ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင် စည်းကမ်းချက်တွေနဲ့ ချပေးတာပေါ့။ အဲဒီလိုပြုလုပ်မှပဲ တရားမဝင်စက်သုံးဆီဆိုင်တွေ ဥပဒေဘောင်အတွင်းမှာ တရားဝင်လာအောင် ရည်ရွယ်ချက်နဲ့ဆောင်ရွက်ရခြင်းဖြစ်ပါတယ်

ဟု မြန့်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း(ကျိုင်းတုံ)မှ ပြည်နယ်ရောင်းဝယ်ရေးအရာရှိ ဦးစိုင်းရီစံခတ်မှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်လိုပါက မြေဧရိယာအကျယ်အဝန်း အနည်းဆုံး စတုရန်းပေ (၂,၀၀၀)၊ မျက်နှာစာအဖွင့် ပေ (၄၀) ရှိရမည်ဖြစ်ပြီး မြေသုံးစွဲခွင့်ခွင့်ပြုချက်များဖြစ်သည့် ပုံစံ (၁၀၅၊ ၁၀၆) တို့ရရှိထားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူအနေဖြင့် အမည်၊ မှတ်ပုံတင်နံပါတ်၊ ဆိုင်နာမည်၊ ရောင်းချမည့်စက်သုံးဆီအမျိုးအစား၊ တည်ဆောက်မည့်ဆိုင်ပုံစံတို့ဖြင့် ခရိုင်၊ ပြည်နယ်နယ်တို့ရှိ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းများတွင်လည်းကောင်း ဖုန်း ၀၈၄-၂၁၃၁၄ , ၀၈၄-၂၀၂၁၃၁၄, ၀၉၅၂၄၂၈၄၁ , ၀၉၇၉၆၃၂၁၂၁၉ သို့ဖြစ်စေ email ဖြစ်သည့် [email protected] သို့လည်း ဆက်သွယ် မေးမြန်းကာ လျှောက်ထားနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မှာဆို ဘာအခက်အခဲရှိလည်းဆိုတော့ လယ်ယာမြေနဲ့ အနီးပတ်ဝန်းကျင်မှာ ရွာတွေ တည်တာများတာပေါ့။ ရေချောင်းရှိတဲ့နေရာတွေမှာ တည်တာများတယ်။ လယ်မြေတွေဖြစ်နေတာ များတယ်။ များတဲ့အတွက် အခြားနည်းသုံးစွဲခွင့်တင်ရမှာပေါ့။ တင်တဲ့အချိန်မှာ ကာလတော်တော်ကြာတယ်။ တစ်ချို့ဆို (၂) နှစ်ကျော် (၃) နှစ်အထိ ပြန်ကျလာတာမရှိဘူး။ လုပ်ငန်းရှင်တွေ လုပ်ကိုင်ခွင့်ရအောင် လယ်မြေတွေကို အခြားနည်းသုံးစွဲခွင့်ရအောင် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်ပေးရင် တွင်ကျယ်လာမှာပေါ့

ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စက်သုံးဆီအရောင်းဆိုင်ကြီးများအတွက် ခွင့်ပြုချက်ရရန်အတွက် မြန့်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း (နေပြည်တော်)တွင် လျောက်ထားရမည်ဖြစ်သော်လည်း ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင်လိုင်စင်များအတွက် ခရိုင်၊ ပြည်နယ်အဆင့်တွင် စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ကျေးရွာစက်သုံးဆီဆိုင်များအနေဖြင့် ဓာတ်ဆီဂါလံ (၅၀၀) နှင့် ဒီဇယ်ဂါလံ (၅၀၀) သိုလှောင်ရောင်းချခွင့် ရမည်ဖြစ်ပြီး ဝေးလံခေါင်သီ၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တောင်ပေါ်ဒေသများဖြစ်ပါက စည်းကမ်းချက်များကို လျော့ပေါ့စဉ်းစားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်သည့် ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင် လိုင်စင်များ ချထားပေးနိုင်ရန်အတွက် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင်  မြန့်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (နေပြည်တော်)မှ အမိန့်ကြေညာစာဖြင့် ညွှန်ကြားခဲ့သဖြင့် ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ကျေးရွာစက်သုံးဆီအရောင်းဆိုင်လိုင်စင်များအနေဖြင့် နှစ်စဉ်ကြေးအဖြစ် ဒီဇယ်ရောင်းခခွင့်အတွက် ကျပ် (၃၀,၀၀၀)၊ ဓာတ်ဆီရောင်းချခွင့်အတွက် ကျပ် (၃၀,၀၀၀)နှင့် လိုင်စင်သက်တမ်းတိုးမှုအတွက် (၁၅,၀၀၀) ကျပ်သာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~