ကယားပြည်နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဝါးတားဂိတ်များပြုလုပ်၍ ကိုယ်ထူကိုယ်ထ ကျေးရွာလုံခြုံရေးရယူခြင်းများ လုပ်ဆောင်လာ

ကယားပြည်နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဝါးတားဂိတ်များပြုလုပ်၍ ကိုယ်ထူကိုယ်ထ ကျေးရွာလုံခြုံရေးရယူခြင်းများ လုပ်ဆောင်လာ
ဖေဖော်ဝါရီ 6, 2020
By Tachileik News Agency
ကယားပြည်နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဝါးတားဂိတ်များပြုလုပ်၍ ကိုယ်ထူကိုယ်ထ ကျေးရွာလုံခြုံရေးရယူခြင်းများ လုပ်ဆောင်လာ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့နယ်များရှိ ကျေးရွာအချို့တွင် ကျေးရွာတွင်း လုံခြုံမှုရှိစေရန် ကျေးရွာအဝင်၌ ဝါးတားဂိတ်များပြုလုပ်၍ ကိုယ်ထူကိုယ်ထ လုံခြုံရေးဆောင်ရွက်မှုများ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်ကစ၍ လုပ်ဆောင်လာကြသည်ကို တွေ့ရသည်။

"ကျေးရွာလုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထ ဝါးတားဂိတ်တွေ လုပ်ပြီးဆောင်ရွက်တာပေါ့။ အစိုးရရဲ့လုံခြုံရေးရဲ အင်အားကလည်းနည်းတယ်။ ရွာတွေအထိက လက်လှမ်းမမှီဘူး ဒါကြောင့်ကိုယ့်ဟာကိုယ်ပဲ အားကိုရမယ်ဆိုပြီးဒီလိုလုပ်တာလို့ သိရပါတယ်။ ကလေးသူခိုးတို့ နောက် လူစိမ်းတွေပေါ့။ ဈေးသည်တွေ၊ အလှူခံတာတွေ တချို့ဆိုထီတို့ဘာတို့ လာလိမ်ရောင်းတာ တွေရှိတယ်။ ခံရတာတွေများတော့ ဒါတွေကာကွယ်ဖို့အတွက် လုပ်ထားတယ်။ ခုဆိုရွာတွေကို ဝင်ချင်တိုင်းမဝင်ရတော့ အလှူခံတွေ ၊ ဈေးလိမ်ရောင်းတဲ့သူတွေ မလာကြတော့ဘူးလို့သိရတယ် " 

ဟု ဖရူဆိုမြို့မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်းစာလှယ် ဦးသဲရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းကဲ့သို့ ကျေးရွာများတွင် ဝါးတားဂိတ်များပြုလုပ်၍ ကိုယ်ထူကိုယ်ထလုံခြုံရေးဆောင်ရွက်နေခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများက တားမြစ်ခြင်းမရှိကြောင်း သိရသည်။

"အဓိက ကတော့ ခုထွက်နေတဲ့သတင်းတွေအရ ကလေးသူခိုးတွေ ဝင်လာမှာစိုးတယ်။ ပြီးတော့ရွာကို လာတဲ့လူစိမ်းတွေ နောက်သံသယ ရှိစရာကောင်းတဲ့သူတွေ ဒီနောက်ပိုင်းမှာ ရောက်လာတာတွေရှိတယ်။ ဒါတွေကာကွယ်ဖို့အခုလို ဝါးတာဂိတ်ထားတာပါ "

ဟု ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာမှ ကိုတူရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ဒီးမော့ဆိုမြို့ နှင့် ဖရူဆိုမြို့နယ်အတွင်း ကျေးရွာများတွင် အခြားဒေသမှ အလှူခံအဖွဲ့များ၊ ဈေးလာရောင်းခြင်းများရှိနေ၍ ကျေးရွာအဝင်အထွက်လမ်းများ၌ ဝါးတားဂိတ်များပြုလုပ်ထားကြပြီး စိစစ်လာကြခြင်းဖြစ်ကာ အချို့ကျေးရွာများတွင် လူစိမ်းဝင်ရောက်ပါက မှတ်ပုံတင်ပြမှ ဝင်ရောက်ခွင့်ပြုခြင်းများရှိနေကြောင်း သိရသည်။

Tachileik News Agency
သတင်း  - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - ခူးတူရယ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~