တာချီလိတ်မှ ရွာသား(၂)ဦးကို ဒဏ်ရာရရှိအောင် လုပ်သွားပြီး ထိုင်းဘက်သို့ ထွက်ပြေးသွားသည့် ပိုင်ရှင်မဲ့ ဆင်အား ထိုင်းဘက်က ယာယီထိန်းသိမ်းပေးထား

တာချီလိတ်မှ ရွာသား(၂)ဦးကို ဒဏ်ရာရရှိအောင် လုပ်သွားပြီး ထိုင်းဘက်သို့ ထွက်ပြေးသွားသည့် ပိုင်ရှင်မဲ့ ဆင်အား ထိုင်းဘက်က ယာယီထိန်းသိမ်းပေးထား
ဇန်နဝါရီ 17, 2020
By Tachileik News Agency


တာချီလိတ်မှ ရွာသား(၂)ဦးကို ဒဏ်ရာရရှိအောင် လုပ်သွားပြီး ထိုင်းဘက်သို့ ထွက်ပြေးသွားသည့် ပိုင်ရှင်မဲ့ ဆင်အား ထိုင်းဘက်က ယာယီထိန်းသိမ်းပေးထား

တာချီလိတ်မြို့နယ်အတွင်း မြန်မာ - လာအို - ထိုင်းနယ်စပ်ဒေသဖြစ်သည့် ဝမ်ပုံကျေးရွာတွင် ကျေးရွာသားနှစ်ဦးကို နင်းသွားသည့် ဆင်တစ်ကောင်သည် နယ်စပ်ဖြတ်သန်းပြီး ထိုင်းနိုင်ငံ၊ ကျင်းရှဲန်မြို့နယ်ရှိ ANANTARA Hotel သို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့တွင် ရောက်ရှိနေပြီဖြစ်ကာ ပိုင်ရှင်အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ဆင်က အခုထိုင်းနိုင်ငံဘက်က ANANTARA Hotel ဘက်ကိုရောက်တော့ သူတို့ထိန်းသိမ်းပေးထားတယ်။ ပိုင်ရှင်ရှိရင် လာယူပါလို့တော့ သူတို့ပြောထားတယ်။ ကြိုးတန်းလန်းနဲ့ဆင်ဆိုတော့ ပိုင်ရှင်တော့ရှိမယ်။ လာအို ဘက်မှာ ဆက်သွယ်မေးတာတော့ သူတို့ဘက်က လွတ်သွားတဲ့ဆင် မရှိပါဘူးလို့တော့ အကြောင်းပြန်လာတယ်။ ဒီဘက်မှာလည်း သစ်တောက သူတို့ဆင် မဟုတ်ဘူးပြောတယ်။ ထိုင်းဘက်ကလည်း သူတို့ဆင်မဟုတ်ဘူးပြောတယ်။ အခုလောလာဆယ် ပိုင်ရှင် မရှိသေးဘူး”

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဆင်သည် ဝမ်ပုံရှိ ရွှေတြိဂံပါရာဒိုက်ဟိုတယ်၏ မြောက်ဖက် (၃)ဖာလုံခန့်အကွာ ဝမ်ပုံကျေးရွာ နတ်စင်တောအတွင်း ဇန်နဝါရီလ (၁၆)ရက်နေ့က ရောက်ရှိနေကာ ထင်းရှာသည့် ကျေးရွာသားနှစ်ဦးကို ကန်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသွားသည့် အသက် (၅၃)နှစ်အရွယ် ဦးလုံးကျောက်နှင့် အသက် (၄၂)နှစ်အရွယ် ဦးအိုက်ပျဲန်းတို့မှာ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။

မိုင်းဖုန်းဘိနယ်တာဝန်ခံ ဦးခင်မောင်ဆန်း(တောအုပ်)၊ ဦးဇော်မျိုးသန့် (တောခေါင်း)၊ မိုင်းဖုန်း(က)ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းဆွမ်လစ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုစာရေး ဦးရဲမြင့်ဦး၊ ခုတ်ဝရဲစခန်းမှ စခန်းမှူး ရဲအုပ်သောင်းထိုက်အောင်နှင့် တပ်ဖွဲ့ဝင် (၃)ဦး၊ ဝမ်ပုံ စရဖမှ တပ်ကြပ်ကြီး တင်အောင်မိုးနှင့် ခုတ်ဝကျေးရွာဒေသခံ (၅)ဦးတို့ ပါဝင်သည့် စုစုပေါင်းအင်အား (၁၄)ဦးအဖွဲ့ဖြင့် ဇန်နဝါရီလ (၁၆)ရက်နေ့က ဆင်ကို တောနင်းရှာဖွေခဲ့ကြခြင်း ဖြစ်ပြီး ဒဏ်ရာရသွားသည့် ဦးလုံးကျောက်နှင့် ဦးအိုက်ပျဲန်းတို့သည် တောတွင်းထင်းရှာရင်း ထူးခတ်ထားသည့် ဆင်ကိုတွေ့၍ ကူညီဖမ်းပေးရာမှ ဆင်ကန်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဆင်တွင် ကြိုးပါလာသည်ကိုတွေ့ရပြီး မြန်မာဘက်မှ သက်ဆိုင်ရာဌာနများအပြင် လာအိုနှင့် ထိုင်းနိုင်ငံများဘက်သို့ စုံစမ်းထားသော်လည်း ပိုင်ရှင်မတွေ့ရသေးကြောင်း သိရသည်။

ဝမ်ပုံကျေးရွာရှိ မြန်မာ - ထိုင်းနယ်စပ်တောအတွင်း ခိုအောင်းနေသည့်ဆင်သည် ဇန်နဝါရီလ (၁၇)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် ရွှေတြိဂံပါရာဒိုက်ဟိုတယ် နောက်ကျောဘက်တောတွင်းလမ်းမှ ထိုင်းနိုင်ငံ၊ ကျင်းရှဲန်မြို့နယ် ဆမ်မလင်ဘုရား၏ အနောက်မြောက်ဘက်ရှိ ANANTARA Hotel ဘက်သို့ မယ်ဟုတ်ချောင်းကို ဖြတ်၍ ကူးသွားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~