လူဦးရေနှင့် အဆောက်အဦများ တိုးတက်လာနေသည့် တာချီလိတ်တွင် မြို့ပြစီမံကိန်း အရေးတကြီး လိုအပ်နေ

လူဦးရေနှင့် အဆောက်အဦများ တိုးတက်လာနေသည့် တာချီလိတ်တွင် မြို့ပြစီမံကိန်း အရေးတကြီး လိုအပ်နေ
ဇန်နဝါရီ 7, 2020
By Tachileik News Agency

လူဦးရေနှင့် အဆောက်အဦများ တိုးတက်လာနေသည့် တာချီလိတ်တွင် မြို့ပြစီမံကိန်း အရေးတကြီး လိုအပ်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့ပြစီမံကိန်းမရှိဘဲ မြေကွက်ဖေါ်ဆောင်မှုများကြောင့် အန္တရာယ်ရှိ လမ်းများ၊ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့်အပြင် မြေကွက်သစ်များ ထပ်မံ ဖေါ်ဆောင် လာနေ၍ မြို့ပြစီမံကိန်းရေးဆွဲရေး အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း စည်ပင်သာယာရေးဌာနက ထောက်ပြထားသည်။

လက်ရှိတွင် မြို့ရှောင်လမ်းမကြီးဖေါက်လုပ်နေရာ အဆိုပါ လမ်းမကြီးနှင့် ဆက်သွယ်မည့် ရပ်ကွက်လမ်းများ၊ ရပ်ကွက်သစ်များကို စနစ်တကျဖြစ်စေရေးအတွက် လမ်းဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနက တာဝန်ယူ စိစစ်ပေးရန် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့တွင် ကျင်းပသည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၌ မြို့နယ်အတွင်း ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

" မြို့ပြစီမံကိန်းကို မြေကွက်ဖေါ်တဲ့သူတွေက နားမလည်ဘူး။ နောက်ဒီမှာ မြို့ပြစီမံကိန်း ရေးဆွဲထားလားဆိုတော့ မရှိဘူး။ မြို့ပြစီမံကိန်းမရှိတဲ့ အတွက် ဒါတွေကို  စိစစ်လို့မရဘူး။ ဒီလို စိစစ်နိုင်ဖို့အတွက် ကျွန်တော်တို့ မူလေးတစ်ခုချပေးဖို့လိုတယ်။ မြို့ပတ်လမ်းပေါ်လာပြီ။ အဲဒီမှာချိတ်ဆက်ဖို့ ပေါ်လာတဲ့လမ်းတွေမှာ အနည်းဆုံးဘယ်လောက် အကျယ်ရှိရမယ်ဆိုတဲ့မူကို ကျွန်တော်တို့ ချထားပေးရမယ်"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက ပြောသည်။

မြို့ပြစီမံကိန်း မရှိခဲ့သည့် တာချီလိတ်မြို့တွင် မြို့တွင်းလမ်းများ ကျဉ်းမြောင်းလွန်းခြင်းနှင့် ရေနှုတ်မြောင်းများ စနစ်တကျ မရှိခြင်းစသည့် ပြဿနာများနှင့် ကြုံနေရသည့်အပြင် လက်ရှိတွင်  လူဦးရေနှင့် အဆောက်အဦများ ပိုတိုးလာနေပြီဖြစ်၍ မြို့ပြစနစ်တကျအကောင်အထည်ဖေါ်ရန် လိုအပ်နေပြီဖြစ်ကြောင်း စည်ပင်သာယာရေးဌာနက ထောက်ပြသည်။

"တစ်ချိန်ကျရင် မြို့ရှောင်လမ်းနဲ့ ရပ်ကွက်တွေနဲ့ ချိတ်ဆက်တဲ့လမ်းတွေ ဖြစ်လာမှာပေါ့။ ကျွန်တော်တို့ စနစ်တကျမစီမံထားရင် အကွက်တွေက ဖြစ်ချင်သလိုဖြစ်မယ်။ လမ်းတွေက ကွေ့ကောက်တာတွေဖြစ်မယ်။ အန္တရာယ်တွေဖြစ်လာနိုင်သလို ဘောင်မဝင်တဲ့လမ်းတွေဖြစ်လာမှာ စိုးတယ်။ မြို့ပေါ်မှာရေကြီး၊ ရေလျှံဖြစ်တဲ့အတွက် ရေမြောင်းတွေကို စနစ်တကျမစီမံနိုင်ရင် ပြသနာတွေဖြစ်လာမှာဖြစ်တဲ့အတွက် ရေရှည်ကိုကြည့်ပြီး အမှန်အကန်သွားစေချင်တာပေါ့။ ကိုယ့်သဘောနဲ့ကိုယ် အကွက်ရိုက်ပြီး သွားတဲ့ဟာတွေကျတော့ လမ်းကျယ်တာတွေ၊ လမ်းကျဉ်းတာတွေနဲ့ ရေရှည်မှာ ပြသနာဖြစ်နိုင်တာပေါ့"ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့အတွက် မြို့ပြစနစ်အကောင်အထည်ဖေါ်နိုင်ရေးအတွက် မြို့ပြစီမံကိန်းရေးဆွဲရေးကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စည်ပင်သာယာရေးဌာန၊ လမ်းဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများက ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~