မဲခေါင်မြစ်ဖျားပိုင်းတွင် တရုတ်က ရေအားလျှပ်စစ်စမ်းသပ်နေ၍ ၄ နိုင်ငံဖြတ်သန်းမည့် ကုန်တင်ရေယာဉ်များ ရပ်နားထားရ

မဲခေါင်မြစ်ဖျားပိုင်းတွင် တရုတ်က ရေအားလျှပ်စစ်စမ်းသပ်နေ၍ ၄ နိုင်ငံဖြတ်သန်းမည့် ကုန်တင်ရေယာဉ်များ ရပ်နားထားရ
ဇန်နဝါရီ 3, 2020
By Tachileik News Agency

မဲခေါင်မြစ်ဖျားပိုင်းတွင် တရုတ်က ရေအားလျှပ်စစ်စမ်းသပ်နေ၍ (၄)နိုင်ငံဖြတ်သန်းမည့်
ကုန်တင်ရေယာဉ်များ ရပ်နားထားရ

မဲခေါင်မြစ်ဖျားပိုင်းတွင် ဆည်တည်ဆောက်ထားသည့် တရုတ်နိုင်ငံက ရေအားလျှပ်စစ်စမ်းသပ်မှုကြောင့် မြစ်ရေကျဆင်းသွား၍ ထိုင်းနိုင်ငံ ချင်းဆဲန်ဆိပ်ကမ်းမှ မြန်မာ၊ လာအိုနှင့် တရုတ်သို့သွားမည့် တရုတ်ကုန်တင်ရေယာဉ်များ ဆိပ်ကမ်းတွင် သောင်တင်နေကြောင်း သိရသည်။

အလားတူ လာအိုနိုင်ငံအတွင်း မဲခေါင်မြစ်ကြောင်းတွင် ပြေးဆွဲနေသည့် ကုန်တင်ရေယာဉ်များမှာလည်း မြစ်ရေကျဆင်းမှုကြောင့် ရပ်နားထားရကြောင်း သိရသည်။

မြစ်ဖျားပိုင်းရှိ တရုတ်နိုင်ငံက မဲခေါင်မြစ်ပေါ်တွင် တည်ဆောက်ထားသည့် ကျင်းဟောင်ရေအားလျှပ်စစ် စီမံကိန်း စမ်းသပ်လည်ပတ်မည်ဖြစ်၍ ဆည်မှရေထုတ်လွှတ်မှုကို လျှော့ချမည်ဟု မြစ်ကြောင်းတစ်လျှောက်ရှိ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများမှ မြစ်ကြောင်းဆိုင်ရာ တာဝန်ရှိသူများထံ အကြောင်းကြားထားကြောင်း သိရသည်။

ဆည်မှရေထုတ်လွှတ်မှုကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ (၃)ရက်နေ့အထိ ကာလအတွင်း တစ်နာရီလျှင် ရေကုဗမီတာ (၈၀၀)မှ (၁၀၀၀)အထိ လျှော့ချမည်ဖြစ်ပြီး ဇန်နဝါရီလ (၄)ရက်နေ့၌ ရေကုဗမီတာ (၅၀၀)မှ (၈၀၀)သို့ လျှော့ချမည်ဖြစ်သည်။

မြစ်ရေလျော့ကျမှုကြောင့် ထိုင်းနိုင်ငံအတွင်း မြစ်ကြောင်းတလျှောက် ဖယ်ရီအသုံးပြုသည့် ခရိုင် (၈)ခုတွင်လည်း သတိပေးချက်ထုတ်ထားကြောင်း သိရသည်။

မြစ်ရေကျဆင်းမှုကို ထိုင်းနိုင်ငံအတွင်း ဇန်နဝါရီလ (၁၉)ရက်နေ့အထိ ကြုံတွေ့ရဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

Tachileik News Agency
ဘာသာပြန် - ဇာနှင်း
Ref: Chiangrai Times

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~