မကွေးတိုင်းအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ဆောင်နိုင်ရန် ငွေကျပ် သန်းပေါင်း ၂၅၀၀ အသုံးပြုမည်

မကွေးတိုင်းအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ဆောင်နိုင်ရန် ငွေကျပ် သန်းပေါင်း ၂၅၀၀ အသုံးပြုမည်
ဒီဇင်ဘာ 7, 2019
By Tachileik News Agency

မကွေးတိုင်းဒေသကြီးအတွင်း ချောင်းရေ၊ မြစ်ရေတိုက်စားခံရနိုင်သည့် ကျေးရွာများတွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ အတွက် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေမှ ငွေကျပ်သန်းပေါင်း (၂၅၀၀) အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

 “မကွေးတိုင်းမှာက မြစ်က သုံးစင်းရှိပြီး ချောင်းကလည်းပေါတော့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းက အရေးကြီးပါတယ်။ အရင်က ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို လစ်လျူရှုထားခဲ့ကြတာဆိုတော့ မိုးလွန်မှ ထွန်ချရသလို ဖြစ်နေပေမဲ့ လုပ်နိုင်သမျှတော့ အစွမ်းကုန် လုပ်နေရပါတယ် ”ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မကွေးတိုင်းဦးစီးမှူး ဦးဇော်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကမ်းပြိုအန္တရာယ်ကြောင့် လယ်ယာမြေနှင့် ကျေးရွာမြေများ ဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးနိုင်ရန်အတွက် တင်ဒါခေါ်ယူ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရပြီး ဆင်ပေါင်ဝဲမြို့နယ်၊ ကုန်းဘိုရွာ (ဘယုံချောင်း)အတွက် ကျပ်သန်း (၈၀) ၊ စည်တိုင်းအလယ်ကျေးရွာများအတွက် ကျပ်သန်း(၁၅၀) ၊ အောင်လံမြို့နယ်မှ ညောင်ပင်ဝိုင်းရွာ (ဘွက်ကြီးချောင်း)အတွက် ကျပ်သန်း (၄၀) ၊ ပိတောက် ကုန်းရွာအတွက် ကျပ်သန်း (၁၃၀) ၊ ကံမမြို့နယ်၊ သမ္ဘရာကျေးရွာ (မင်းတုန်းချောင်း) အတွက် ကျပ်သန်း (၁၀၀) ထီးလင်းမြို့နယ်၊ သရပ်ခါရွာ နှင့် တောရောင်းရွာ (မောချောင်း)အတွက် ကျပ်သန်း (၁၀၀) ၊စေတုတ္တရာမြို့နယ် ခွေးမလောင်ရွာနှင့် ကျောက်တန်းကျေးရွာများအတွက် ကျပ်သန်း(၁၀၀) ၊ စလင်း မြို့နယ် ၊ လင်းဇင်းရွာ ၊ အောက် လိုင်းရွာ ၊ ဆင်ဖြူကျွန်းမြို့ နှင့် မြောက်ဇီးကုန်းကျွန်း (စလင်းချောင်း) တို့ အတွက် ကျပ်သန်း (၁၅၀) ၊ပေါက်မြို့ ကျောက်ကာရွာအတွက်ကျပ်သန်း (၂၀၀) ၊ဂန့်ဂေါမြို့နယ်၊ ဇဟောရှေးဟောင်း ကျောင်းတော်ကြီး နှင့် ဘုရားကြီး အတွက် ကျပ်သန်း(၄၅၀) ၊ နတ်မောက်မြို့နယ်၊ချောင်းဖြူရွာအတွက် ကျပ်သန်း(၁၀၀) တို့ အသုံးပြုဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ၊ ချိုင့်ကျေးရွာ (ငမင်ချောင်း)အတွက် ကျပ်သန်း (၁၀၀) ၊ သရက်မြို့ (ဈေး ဆိပ် ကမ်း) အတွက် သန်း(၂၅၀) ၊ ပွင့်ဖြူမြို့နယ် (ဂါတ်ကုန်း-မှရိုးကုန်း)ရွာအတွက်သန်း (၂၀၀) ၊ ငဖဲမြို့နယ်၊ မန်းချောင်း ပြုပြင် ထိန်းသိမ်းရေးအတွက် သန်း(၁၀၀) ၊ ရေစကြိုမြို့နယ် ၊ ချစ်သူရွာ(ပခန်းငယ်)ချင်းတွင်းမြစ်ရေ တိုက်စား မှုကာကွယ်ရေးအတွက် သန်း (၁၀၀) နှင့် တိုင်းအတွင်းအရေးပေါ်ကမ်းပြိုကာကွယ်ရေးအတွက် ကျပ်သန်း(၁၅၀) တို့ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ရေလမ်းကောင်းမွန်ရေးလုပ်ငန်းတစ်ခုအတွက် ကျပ်သန်း (၄၅၀) နှင့် ကမ်းပြိုကာ ကွယ်ရေးလုပ်ငန်း(၄၁)ခုအတွက် ငွေကျပ် (၄၉၂၁.၇၈၅)သန်း အသုံးပြု၍  ဆောင်ရွက်ထားခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ- ဖီးနစ်


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~