ဝူဟန်ဂယက်ကြောင့် လာအိုနိုင်ငံရောက် မြန်မာလုပ်သားများ တာချီလိတ်ရှိ ဝမ်ပုံဆိပ်ကမ်းသို့ (၃)ရက်အတွင်း (၁၀၀၀)ကျော် ပြန်ရောက်

ဝူဟန်ဂယက်ကြောင့် လာအိုနိုင်ငံရောက် မြန်မာလုပ်သားများ တာချီလိတ်ရှိ ဝမ်ပုံဆိပ်ကမ်းသို့ (၃)ရက်အတွင်း (၁၀၀၀)ကျော် ပြန်ရောက်
ဇန်နဝါရီ 31, 2020
By Tachileik News Agency
 
ဝူဟန်ဂယက်ကြောင့်   လာအိုနိုင်ငံရောက်  မြန်မာလုပ်သားများ တာချီလိတ်ရှိ ဝမ်ပုံဆိပ်ကမ်းသို့ (၃)ရက်အတွင်း (၁၀၀၀)ကျော် ပြန်ရောက်

ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်)ဂယက်များကြောင့်  မြန်မာ - လာအို နယ်စပ်ဒေသ၊  လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ်အတွင်း ရောက်ရှိနေသော မြန်မာနိုင်ငံသားများသည် အလုပ်ပိတ်မှုများနှင့် ကြုံနေရ၍  မြန်မာနိုင်ငံသို့ပြန်လာရာတွင် ဇန်နဝါရီလ(၃၀)ရက်နေ့အထိ (၃)ရက်တာကာလအတွင်း (1,094)ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်လာသည့်  မြန်မာနိုင်ငံသားအများစုမှာ လာအိုနိုင်ငံ ဘိုဘီယိုပြည်နယ် တုံဖိန့်မြို့နယ်ရှိ ကာစီနိုမှ ဖြစ်ပြီး လာအိုနိုင်ငံ မိန်းမောဆိပ်ကမ်းမှ တဆင့် တာချီလိတ်မြို့ရှိ ဝမ်ပုံဆိပ်ကမ်းသို့ ဝင်ရောက်လာကြခြင်း ဖြစ်သည်။

တာချီလိတ်ခရိုင်တစ်ဖက်ကမ်းရှိ လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ်တွင် မြန်မာလုပ်သားများ အလုပ်လုပ် ကိုင်နေသည့် ကာစီနို၌ ဝူဟန်အဆုတ်ရောင်ရောဂါသံသယဖြစ်ဖွယ် တရုတ်အမျိုးသားနှစ်ဦးကို ဇန်နဝါရီလ (၂၆)ရက်နေ့ကတွေ့ရှိရာမှ ကာစီနိုဝန်းအတွင်း အဝင်အထွက် တင်းကြပ်စိစစ်ပြီး နေရပ်ပြန်လိုသည့် မြန်မာလုပ်သားများကို ပြန်ခွင့်ပေးနေခြင်းဖြစ်သည်။

'သူတို့ အလုပ်တွေကလည်း ပိတ်ထားတယ်၊ ဒီရောဂါကြောက်လို့လည်း ပြန်တာပေါ့၊ တရုတ်က ရောဂါရှိတယ်ဆိုတော့ ကျွန်တော်တို့လည်း ပြန်လာတာ၊ လာအိုဘက်မှာ အလုပ်တွေ ပိတ်တဲ့ဟာလည်း ပိတ်တယ်၊ တစ်ချို့လည်း ဖွင့်တယ်၊ သွားတဲ့ လမ်းတွေလည်း ပိတ်ထားတော့ အလုပ် လုပ်ရတာလည်း အဆင်မပြေဘူး။'

ဟု နေရပ်ပြန်လာသူထဲမှ လာအိုဘက်တွင် ပန်းရံအလုပ် လုပ်ကိုင်သူ  မြန်မာနိုင်ငံသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝမ်ပုံဆိပ်ကမ်းရှိ လူဝင်မူကြီးကြပ်ရေးဌာနခွဲ(၆)ရုံးတွင် အမှတ်(၃/၁၂)စစ်မြေပြင်ဆေးတပ်ဆွယ်(တာချီလိတ်)မှဆေးမှူး ဗိုလ်ကြီး အောင်ကျော်စွာ နှင့် တပ်ဖွဲ့ဝင်များ၊ ဝမ်ပုံတိုက်နယ်ဆရာဝန် ဒေါက်တာ စိုင်းစူးဝန်းကျောက် ဦးစီးသည့် ကျန်းမာရေးအဖွဲ့နှင့် မိုင်ဖုန်း(က) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်း ကိရိယာဖြင့် စစ်ဆေးကာ စာရင်းများ ကောက်ယူခဲ့ကြကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ စာရင်းကောက်ယူပြီး စစ်ဆေးနေရာတွင် နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသားများမှာ ဇန်နဝါရီလ (၂၈)ရက်နေ့က မြန်မာနိုင်ငံသား အမျိုးသား(၅၅)ဦးနှင့် အမျိုးသမီး (၂၉)ဦး၊  ဇန်နဝါရီလ (၂၉)ရက်နေ့က မြန်မာနိုင်ငံသား အမျိုးသား (၃၅၇)ဦး၊ အမျိုးသမီး (၂၄၄)ဦး၊ လာအိုနိုင်ငံသား အမျိုးသား (၂)ဦး နှင့် ဇန်နဝါရီလ(၃၀)ရက်နေ့က အမျိုးသား(၂၆၆)ဦး နှင့် အမျိုးသမီး (၁၄၁)ဦး စုစုပေါင်း (1094)ဦး ရှိကြောင်း သိရသည်။

ဝမ်ပုံဆိပ်ကမ်းမှ တဆင့် ပြန်လည်ဝင်ရောက်လာသည့်  မြန်မာနိုင်ငံသားများ၏ အခြေအနေများကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း၊ တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင် နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုခဲ့ကြပြီး နေရပ်ပြန်သူများကို လိုအပ်သည်များ ကူညီပေးနိုင်ရန် ဝမ်ပုံဆိပ်ကမ်းတွင် တာဝန်ကျသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်)ကူးစက်ပျံ့ပွားမှုသည်  တရုတ်နိုင်ငံ အပါအဝင် ထိုင်း၊ ဂျပန်၊ စင်္ကာပူ၊ သြစတေးလျ၊ မလေးရှား၊ ပြင်သစ်၊ အမေရိကန်၊ ဂျာမဏီ၊ ‌တောင်ကိုရီးယား၊ အမေရိကန်၊ အာရပ်ဆော်ဘွားများနိုင်ငံ၊ ကနေဒါ၊ ဗီယက်နမ်၊ က‌မ္ဘောဒီးယား၊ ဖင်လန်၊ အိန္ဒိယ၊ နီပေါ၊ ဖီလစ်ပိုင်နှင့် သီရိလင်္ကာနိုင်ငံ စသည့် နိုင်ငံပေါင်း (၂၀)သို့ ရောက်ရှိနေပြီး ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ နံနက်ပိုင်းအထိတွင် ကူးစက်ခံရသူ စုစုပေါင်း (၉,၈21)ဦး ရှိပြီး သေဆုံးသူ (၂၁၃)ဦးရာ သေဆုံးသူများမှ တရုတ်နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~