လွိုင်ကော်တွင် ကျင်းပနေသည့် ကယားပြည်နယ်နေ့ပွဲတော်ကာလအတွင်း အမှိုက်စနစ်တကျ စွန့်ပစ်ရေး အသိပညာပေး လုပ်ငန်းများတွင် မည်သူမဆို လာရောက်ပူးပေါင်းနိုင်

လွိုင်ကော်တွင် ကျင်းပနေသည့် ကယားပြည်နယ်နေ့ပွဲတော်ကာလအတွင်း အမှိုက်စနစ်တကျ စွန့်ပစ်ရေး အသိပညာပေး လုပ်ငန်းများတွင် မည်သူမဆို လာရောက်ပူးပေါင်းနိုင်
ဇန်နဝါရီ 14, 2020
By Tachileik News Agency
လွိုင်ကော်တွင် ကျင်းပနေသည့် ကယားပြည်နယ်နေ့ပွဲတော်ကာလအတွင်း အမှိုက်စနစ်တကျ စွန့်ပစ်ရေး အသိပညာပေး လုပ်ငန်းများတွင် မည်သူမဆို လာရောက်ပူးပေါင်းနိုင်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပနေသည့် (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ ပွဲတော်ကာလအတွင်း လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍  အမှိုက်ကောက်နှင့် အမှိုက်စနစ်တကျစွန့်ပစ်ရေး အသိပညာပေးခြင်းများ လုပ်ဆောင်နေရာ မည်သူမဆို လာရောက် ပူးပေါင်းပါဝင်နိုင်ကြောင်း သိရသည်။

"ကျွန်မတို့နဲ့ လာပူးပေါင်းချင်တဲ့ အဖွဲ့တွေလည်း အချိန်မရွေးလာလို့ ရပါတယ်။ ကျွန်မတို့ အမှိုက်ကောက်တဲ့ အချိန်မှာဆို ပွဲခင်းထဲက ကလေးလေးတွေအစပေါ့ လိုက်ကောက်ကူတာတွေရှိတယ်။ စိတ်ဝင်စားလာတယ်။ ဈေးဆိုင်တွေလည်း ပူးပေါင်းလာကြတယ်။ အရင်နှစ်ကလုပ်ခဲ့တဲ့ အရှိန်ကြောင့် ဒီနှစ်မှာ ပိုလွယ်ကူလာတယ်။ အစိုးရရဲ့အကူအညီလည်း ရတယ်ပေါ့။ ခေါင်းဆောင်းတွေ ဘာတွေမရှိဘူး အားလုံးက အတူတူပဲ လုပ်ကြတာပေါ့။ တစ်ချို့မလိုက်နာတဲ့ ဆိုင်လေးတွေတော့ ထပ်ပြီးစည်းရုံးဖို့တော့ လိုသေးတယ် " 

ဟု မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဆရာမဒေါ်နော်ခူးဒိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမှိုက်ကောက်ရင်း အသိပညာပေးအစီစဉ်များကို ပွဲတော်ကာလအတွင်း နေ့စဉ် နံနက်( ၉)နာရီမှ နေ့လယ် (၁၁)နာရီအထိ တစ်ကြိမ်နှင့် နေ့လယ် (၂)နာရီမှ ညနေ(၄)နာရီအထိ တစ်ကြိမ် တစ်နေ့လျှင်နှစ်ကြိမ် စုပေါင်းအမှိုက်ကောက်ခြင်းအပြင် ပလတ်စတစ်ကျွတ်ကျွတ်အိတ် အသုံးပြုခြင်း လျှော့ချရန်နှင့် အမှိုက်ကို စနစ်တကျစွန့်ပစ်ရန် သီချင်းများ၊  ဗီနိုင်းပိုစတာများ၊ ပန်းချီပုံများဖြင့် အသိပညာပေးအစီအစဉ်များ ထည့်သွင်းထားကြောင်း သိရသည်။

"ကျွန်မတို့ အမှိုက်ကောက်တာက အမှိုက်ကောက်တာ တစ်ခုတည်း မဟုတ်ဘူး။ အမှိုက်ကောက်ရင်းနဲ့ အသိပညာပေးတယ်။ နောက်တစ်ခုက ပွဲထဲမှာထွက်လာတဲ့ အမှိုက်အများစုက ပလတ်စတစ်တွေဖြစ်တယ်။ ဒါတွေကို ဘယ်လိုလျှော့ချမလဲဆိုတာတွေ ပလပ်စတစ်အိတ်အစား စက္ကူအိတ်လေးတွေ၊ ဝါးနဲ့လုပ်ထား တာတွေ နောက်ငှက်ပျောဖက်နဲ့ လုပ်ထားတာတွေကို သုံးလို့ရတယ်ဆိုတာတွေကို ပြခန်းမှာပြထားတဲ့ အသိပညာပေးအစီစဉ်ရှိတယ်။ အဓိကကတော့ လူတွေရဲ့အမူအကျင့်ပြောင်းလဲသွားဖို့ လွယ်တော့မလွယ်ပေမဲ့ ကိုယ်တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ လူမှုအသင်းအဖွဲ့တွေက ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်ကြခြင်းပဲ ဖြစ်ပါတယ် "

ဟု မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဆရာမ ဒေါ်နော်ခူးဒိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၉ ခုနှစ်တွင်ကျင်းပခဲ့သည့် ကယားပြည်နယ်နေ့ပွဲတော်အပြီးတွင် အမှိုက် (၁၀)တန်ကျော် ထွက်ရှိခဲ့ကာ အများစုမှာ ပလတ်စတစ်အိတ်များဖြစ်သည့်အတွက်  အမှိုက်စနစ်တကျစွန့်ပစ်ရေးအတွက် ပွဲတော်အတွင်းလမ်းများ၌ အမှိုက်ခြင်း၊ အမှိုက်တောင်းများ ထားရှိပေးခြင်းအပါအဝင် အသိပညာပေးခြင်းကို လူမှုရေးအသင်းအဖွဲ့များက ၂၀၂၀ ခုနှစ်တွင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း  - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - ဆန်းဖြိုးထွန်း ၊ Clean Kayah Initiative
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~