ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် ငါးမန်းလောင်းကစားဂိမ်းခုံ ဖမ်းဆီးရမိပြီး လောင်းကစားနေသူများပါ ဖမ်းဆီးရမိထား

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် ငါးမန်းလောင်းကစားဂိမ်းခုံ ဖမ်းဆီးရမိပြီး လောင်းကစားနေသူများပါ ဖမ်းဆီးရမိထား
ဇန်နဝါရီ 6, 2020
By Tachileik News Agency

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် ငါးမန်းလောင်းကစားဂိမ်းခုံ ဖမ်းဆီးရမိပြီး လောင်းကစားနေသူများပါ ဖမ်းဆီးရမိထား

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့၊ ရပ်ကွက် (၉) ရှိ ငါးမန်းလောင်းကစားဂိမ်းခုံဆိုင်ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့ ညပိုင်းက ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးထားပြီး ဇန်နဝါရီလ (၆)ရက်နေ့ ညနေပိုင်းအထိ စစ်ဆေးဆဲဖြစ်၍ အမှုမဖွင့်ရသေးကြောင်း သိရသည်။

“အဲဒါ အမှုဖွင့်လို့ မပြီးသေးဘူး ခင်ဗျ။ အခုမှ သူတို့ သွားတုန်းရှိသေးတယ်။ မနေ့က နောက်ကျနေတော့ ဒီနေ့မှ သွားစစ်ဆေးတုန်း ရှိသေးတယ်”

ဟု တန့်ယန်းမြို့မရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ် သတင်းအေဂျင်စီသို့ ဇန်နဝါရီလ (၆)ရက်နေ့ ညနေ (၄)နာရီတွင် ပြောသည်။

တန့်ယန်းမြို့၊ ရပ်ကွက် ( ၉ ) ရှိ တရားမဝင် ငါးမန်းဂိမ်းခုံ (၆) ခုံနှင့် ဂိမ်းကစားနေသူများ၊ ခုံအစောင့်၊ ဆိုင်အစောင့်များအား ရဲတပ်ဖွဲ့နှင့် အသိသက်သေများ ပါဝင်သည့်အဖွဲ့ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံမှ သတင်းရရှိသော်လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသည့် အရေအတွက်ကို အတည်မပြု နိုင်သေးကြောင်း ဖြေကြားသည်။

"အဲဒီ တရားမဝင် လောင်းကစားတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့လည်း သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ ဌာနတွေကို အမြဲတမ်း ပြောပြနေပါတယ်။ ဖမ်းလိုက် ပြန်ဖွင့်လိုက်နဲ့ သံသရာလည်နေတာပဲ တွေ့ရတယ်။ ပပျောက်အောင် မလုပ်နိုင်သေးဘူးလို့ ပြောလို့ရတယ်။ ဒီနေရာဖမ်းရင် ဟိုနေရာဖွင့်တယ် အဲဒီလိုဖြစ်နေတယ်" 

ဟု တန့်ယန်းမြို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်ပွင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တန့်ယန်းမြို့ ရပ်ကွက် (၂)နှင့် ရပ်ကွက် (၆) တို့ရှိ တရားမဝင် ငါးမန်းဂိမ်းခုံများကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ နှင့် အောက်တိုဘာလများ အတွင်း ဝင်ရောက်ဖမ်းဆီးမှုများ လုပ်ဆောင်စဉ်က လောင်းကစားဂိမ်းခုံများ ဖွင့်လှစ်ခြင်း ယာယီပိတ်သိမ်းသွားကြသော်လည်း နောက်ပိုင်းတွင် မြို့အစွန်ရပ်ကွက်တစ်ခုဖြစ်သည့် ရပ်ကွက် (၉) ရှိ ပြည်သူ့စစ်အဖွဲ့အစည်းတစ်ခု၏ ရုံးအနောက်တွင် ပြန်လည်ဖွင့်လှစ်လာကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

" အဲဒီ တရားမဝင်လောင်းကစားခုံတွေရှိလာပြီးတော့ လူငယ်တွေက သွားဆော့ကြတယ်။ ဂိမ်းရှုံးပြီး အိမ်မပြန် ရဲလို့ အိမ်ကလိုက်ရှာတာတောင် မတွေ့ရတော့တဲ့လူငယ်တွေလည်း အများကြီးရှိသွားပြီ။ ပြီးတော့ မြို့ထဲ၊ ရပ်ကွက်ထဲမှာ ဆိုင်ကယ်တွေ အရမ်းပျောက်လာတယ်။ ဂိမ်းခုံတွေ၊ လောင်းကစားတွေကို ဖမ်းတာတော့ ရှိတယ်။ ဒါပေမဲ့ ပြီးရင်အဲဒီအဖမ်းခံရသူတွေပဲ နေရာရွှေ့ပြီး ပြန်ဖွင့်ကြတာ မြင်ရတယ်။ အာဏာပိုင်တွေကမှ ထိထိရောက်ရောက် အရေးယူတာမျိုး မလုပ်တာ ဒေသခံတွေက ဘာပြောရဲမှာလဲ။ သာမာန်ပြည်သူတွေက အဲဒီလိုတရားမဝင် ဂိမ်းခုံ လောင်းကစားခုံတွေပါတဲ့ ဆိုင်တွေ မဖွင့်ရဲပါဘူး။ ဘယ်လိုလူတွေပဲ ဖွင့်ရဲကြတယ်ဆိုတာ တစ်မြို့လုံး သိတယ်"

ဟု တန့်ယန်းဒေသခံတစ်ဦးက ပြောသည်။

တန့်ယန်းမြို့တွင် ယခင်က အထိမ်းအမှတ်ပွဲတော်များ၌သာ လောင်းကစားဝိုင်းများ ထည့်သွင်းလေ့ ရှိသော်လည်း လက်ရှိတွင် လူနေရပ်ကွက်များအတွင်း ငါးမန်းဂိမ်း ( ငါးမန်းပစ်ခုံ ) များ ဖွင့်လှစ်လာခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း -  နေဖြိုးမြင့်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~