အခြေခံပညာအတန်းများ၏ စာမေးပွဲကာလ နောက်ဆုတ်ခြင်းကို ပြင်ဆင်ပေးရန် မကွေးတွင် ဆန္ဒထုတ်ဖေါ်

အခြေခံပညာအတန်းများ၏ စာမေးပွဲကာလ နောက်ဆုတ်ခြင်းကို ပြင်ဆင်ပေးရန် မကွေးတွင် ဆန္ဒထုတ်ဖေါ်
ဇန်နဝါရီ 24, 2020
By Tachileik News Agency
အခြေခံပညာအတန်းများ၏ စာမေးပွဲကာလ နောက်ဆုတ်ခြင်းကို ပြင်ဆင်ပေးရန် မကွေးတွင် ဆန္ဒထုတ်ဖေါ်

အခြေခံပညာစာမေးပွဲကာလ ပြင်ဆင်နောက်ဆုတ်ခြင်းအား ပညာရေးဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံး ပြန်လည် ဖျက်သိမ်းပေးရန် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှ ဆရာ၊ ဆရာမများက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့ နံနက်ပိုင်းက  ဆန္ဒထုတ်ဖေါ်တောင်းဆိုကြသည်။

“ဆန္ဒဖော်ထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ အခြေခံပညာစာမေးပွဲကာလ ပြင်ဆင် နောက်ဆုတ် လိုက်ခြင်းကို ပြန်ပြီးတော့မှ အမြန်ဆုံး ဖျက်သိမ်းပေးဖို့ပါ။ သူတို့အနေနဲ့ ဒီစနစ်ကို စပြီးတော့ အကောင်အထည်ဖော်မယ် ဆိုလို့ရှိရင် မြေပြင်မှာရှိတဲ့ အခက်အခဲတွေကို သိအောင် ကြိုးစားသင့်တယ်။ အခု ဆန္ဒထုတ်ဖော်တယ်ဆိုတာကလည်း အစိုးရကို ဆန့်ကျင်တာ မဟုတ်သလို နိုင်ငံရေး ဆူပူအောင် လုပ်နေတာလည်း မဟုတ်ပါဘူး” 

ဟု အခြေခံပညာ မူလတန်းပြဆရာ ကိုဇင်ကိုဝင်း က တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာအတန်းများ၏ စာမေးပွဲကာလကို မတ်လ (၃၁)ရက်နေ့ အထိစစ်ဆေးရန် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်းက ကျင်းပသည့် တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် ခရိုင်ပညာရေးမှူးရုံးများ၊ ပညာရေးစီမံကိန်း ကြီးကြပ်အကဲဖြတ်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီးနောက် အဆိုပါ ဆုံးဖြတ်ချက်ကို ဆရာ၊ဆရာမများက ကန့်ကွက်နေကြခြင်း ဖြစ်သည်။

“စာမေးပွဲကာလကို နောက်ဆုတ်လိုက်တဲ့အတွက် ဆရာ၊ကျောင်းသားနဲ့ မိဘတွေအပေါ် ဘာများအကျိုးရှိ သွားမှ ာမလို့လဲ။ ကျောင်းသားကျောင်းသူတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့ဆိုကလည်း လုံလောက်တဲ့ အနားယူမှု ရှိဖို့ လိုပါတယ်။ ဆရာ၊ဆရာမတွေမှာလည်း သင်တန်းတွေ အဆက်မပြတ်ခေါ်နေတဲ့အပြင် ကျောင်းပိတ်ရက် ကလည်း နည်းသွားဦးမယ်ဆိုတော့ နားချိန်ကို မရှိတော့ဘူးဖြစ်နေတယ်” 

ဟု ဆန္ဒဖော်ထုတ်ပွဲတွင် လိုက်ပါ သူ ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂအဖွဲ့မှ မမြဖူးဝေက ပြောသည်။

ကျောင်းဖွင့်ရက် တိုးလိုက်ခြင်းကို ဆရာ၊ဆရာမများက ကန့်ကွက်နေသဖြင့် မူလက မတ်လ (၃၁) ရက်နေ့ အထိ သတ်မှတ်ထားသည့် မတ်လ (၂၅)ရက်နေ့ နောက်ဆုံးထား စစ်ဆေးရန် ဇန်နဝါရီလအတွင်းက ထပ်မံညွှန်ကြားထားကြောင်း သိရသည်။

“အရင်က စာမေးပွဲကို အတန်းလေးတွေ ပြီးမှ အတန်းကြီးတွေနဲ့ နောက်ဆုံး ဆယ်တန်းစာမေးပွဲ ဒီလိုဖြေကြရတယ်။ ခုတော့ အတန်းကြီးတွေပြီးမှ မူလတန်းကလေးတွေကို ပြန်ခေါ်ပြီး စာမေးပွဲဖြေကြရမှာဆိုတော့ ကလေးတွေမှာ အတန်းကြီးတွေစာမေးပွဲ ရှိနေတုန်း ကျောင်းပိတ်ပေးထားရပြီးမှ ပြန်ခေါ်ရမှာဖြစ်နေတာဟာ ပြဿနာရဲ့ အဓိကအကြောင်းချင်းရာပဲ။ တစ်ချို့ နယ်ကလာတက်ကြရတာလေ။ ဆရာ၊ဆရာမတွေအနေနဲ့ကတော့ မူလကတည်းက ပိတ်ရက်၊ နား ရက် သိပ်မရှိကြဘဲ မတ်လ (၃၁)ရက်နေ့အထိ ကျောင်းကို လာနေကြရတာပါ” 

ဟု ကင်း အလယ်တန်း ကျောင်းခွဲ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးသက်နိုင် ကပြောသည်။

မကွေးတက္ကသိုလ်၊ ကျန်းမာရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်မှ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားသမဂ္ဂများကပူးပေါင်းပါဝင်သည့် ဆန္ဒထုတ်ဖေါ်ပွဲကို မကွေးမြို့ ပညာရေးကောလိပ်မှ မကွေးတိုင်းဒေသကြီး ပညာရေးမှူး ရုံးအထိ စီတန်းလှည့်လည်ကြခြင်း ဖြစ်သည်။

ပြောင်းလဲလိုက်သည့် ပညာရေးစနစ်အရ မူလတန်းအောက်ဆင့်များကို စာသင်ခန်းတွင်း ပုံမှန်စစ်ဆေး အကဲဖြတ်ခြင်းဖြင့် ရရှိသည့်အချက်အလက်များကို အသုံးပြု၍ အတန်းကူးပြောင်းပေးရေး သင်ယူပြီးမြောက်ခြင်း စစ်ဆေး အကဲဖြတ်ခြင်းကို တစ်နှစ်လျှင် (၂)ကြိမ် ပြုလုပ်ပေးပြီး  စနစ်တကျ မှတ်တမ်းထားသိမ်းဆည်းရမည့်အပြင် မိဘများထံ တစ်နှစ်လျှင် အစီရင်ခံစာ (၂)ကြိမ် ပေးပို့ရမည် ဖြစ်သည်။

အလယ်တန်းနှင့် အထက်တန်းအဆင့်များကို နှစ်ဆုံးစစ်ဆေးခြင်း၊ နှစ်ဝက်စစ်ဆေးခြင်းနှင့် အခန်းဆုံးစစ်ဆေးခြင်းများမှ ရလဒ်များကို အခြေခံ၍ အောင်/ရှုံးဆုံးဖြတ်ကြရမည်ဖြစ်သည်။

ကျောင်းသူကျောင်းသားများအား စစ်ဆေးအကဲဖြတ်ခြင်းမှ ရလဒ်များကို သက်ဆိုင်ရာ ဆရာ၊ဆရာမများနှင့် ကျောင်းအုပ်ကြီးများ၊ သက်ဆိုင်ရာစာစစ်အဖွဲ့များက စနစ်တကျထိန်းသိမ်းထားပြီး ကျောင်းသူ ကျောင်းသားတစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များဖြစ်သည့် စစ်ဆေးအကဲဖြတ် ရလဒ်များကို အများပြည်သူသိမြင်စေသည့် အောင်စာရင်း၊ အတန်းတက်ခွင့်ရသူများ စာရင်းတွင် ထည့်သွင်းထုတ်ပြန်ခြင်းမပြုဘဲ ထိန်းသိမ်းထားရမည်ဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~