တာချီလိတ်မြို့၏ မြို့ကွက်သစ်အပိုင်း(ဈ)ရှိ မြေပိုင်ရှင်များကို မကြာမီမြေကွက်များ လက်ဝယ် ပေးအပ်နိုင်တော့မည်

တာချီလိတ်မြို့၏ မြို့ကွက်သစ်အပိုင်း(ဈ)ရှိ မြေပိုင်ရှင်များကို မကြာမီမြေကွက်များ လက်ဝယ် ပေးအပ်နိုင်တော့မည်
ဇန်နဝါရီ 13, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ မြို့ကွက်သစ်အပိုင်း(ဈ)ရှိ မြေကွက်များကို မကြာမီတွင် လက်ဝယ်ပေးအပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

“လုပ်ငန်းဖော်ဆောင်နေတဲ့ (၆) လတာ ကာလမှာ လုပ်ငန်း (၉၀) ရာခိုင်နှုန်းလောက်ပြီးပါပြီ။ မြေညှိတဲ့အဆင့်က အကုန် ပြီးပါပြီ။ မြေကွက်တွေကလက်ရှိ ပေးလို့ရတဲ့ အဆင့်ရောက်နေပါပြီ။ ဘာလို့မပေးသေးတာလည်းဆိုတော့ တရားရုံးမှာ ကျူးကျော်တွေကို စွဲထားတဲ့ အမှုကြောင့်ပါ။ အမှုပြီးပြတ်သွားရင် ချက်ခြင်းချပေးသွားမှာပါ။ မြေကွက်ပိုင်ရှင်တွေအကုန်လုံးကို အသိပေးပြီးပါပြီ။ မြေကွက်တွေရိုက်ပြီးတာနဲ့ တပြိုင်နက် ခရိုင်နဲ့ မြို့နယ်နဲ့က ကြီးကြပ်ပြီးတော့ မြေကွက်အပ်ပေးမယ်။ ကျွန်တော်တို့ သုံးသပ်တာတော့ (၂) လ (၃) လအတွင်းပါပဲ”ဟု မြို့ကွက်သစ်အပိုင်း(ဈ) ပြန်လည်ဖော်ထုတ်ရေးကော်မတီ၊ ကျူးကျော်နေထိုင်သူများ ဖယ်ရှားရေး၊ တရားစွဲဆိုရေးကော်မတီ အဖွဲ့ဝင် ဦးဘိုချိုက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၁၃)ရက်နေ့တွင် ပြောသည်။

မြို့ကွက်သစ်အပိုင်း(ဈ)မြေနေရာတွင် ကျူးကျော်နေထိုင်သူများကို ဆင့်စာ (၃) ကြိမ်ပေးပို့ခဲ့သော်လည်း လိုက်နာမှု မရှိခဲ့သည့်အတွက် ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့က တာချီလိတ်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး ဖယ်ရှားရှင်းလင်းနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။

  Tachileik News Agency

သတင်း - ဟန်စိုးထိုက်

ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။