ကျိုင်းတုံမြို့နယ်တွင်းက လွိုင်မွေချယ်ရီတွေကို ခူးဆွတ် ခုတ်ယူခြင်းများ မပြုလုပ်ရန် မေတ္တာရပ်ခံ

ကျိုင်းတုံမြို့နယ်တွင်းက လွိုင်မွေချယ်ရီတွေကို ခူးဆွတ် ခုတ်ယူခြင်းများ မပြုလုပ်ရန် မေတ္တာရပ်ခံ
ဇန်နဝါရီ 13, 2020
By Tachileik News Agency
ကျိုင်းတုံမြို့နယ်တွင်းက လွိုင်မွေချယ်ရီတွေကို ခူးဆွတ် ခုတ်ယူခြင်းများ မပြုလုပ်ရန် မေတ္တာရပ်ခံ

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ချယ်ရီပန်းပွင့်ချိန် ကြည့်ရှုရန် တစ်ခုတည်းသောနေရာဖြစ်သည့် ကျိုင်းတုံမြို့ရှိ လွိုင်မွေတွင် ချယ်ရီပန်းခူးဆွတ်ခြင်း၊ ကိုင်းခုတ်ယူခြင်းများ မပြုလုပ်ရန် ဒေသခံများက မေတ္တာရပ်ခံထားရှိသည်။

" ချယ်ရီပင်တွေ ထိန်းသိမ်းတာ၊ အသစ်စိုက်တာကို အဖွဲ့ရယ်လို့တော့ မဟုတ်ပါဘူး။ ကျွန်မတို့ တစ်ဦးချင်းစီ ဒါကို လုပ်ချင်တဲ့သူတွေပဲ စုပြီးလုပ်ကြတာပါ။ ချယ်ရီပင်တွေမှ မဟုတ်ဘူး အပင်တွေနည်းသွားရင် မကောင်းဘူးလေ။ အခု ကျွန်မတို့ လွိုင်မွေဆို အရင်ကနဲ့ မတူတော့ဘူး။ ရာသီဥတုက ပိုပူလာတယ်။ ချယ်ရီပွင့်တာ နောက်ကျလာတယ်။ ဒီတော့ အပင်လေးတွေ များလာရင် ကောင်းမှာပဲဆိုတဲ့ စိတ်နဲ့ ကျွန်မတို့ တတ်နိုင်သလောက် စိုက်ကြတာပေါ့။ (၄) နှစ်လောက်ရှိပြီ။ တိရိစ္ဆာန်တွေ လွှတ်ကျောင်းထားတော့ စိုက်တဲ့အပင်တိုင်း အကုန်မရှင်ဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒါလေးတွေ ကူညီပေးရင်တော့ ပိုအဆင်ပြေပါတယ်။ နောက် ချယ်ရီပန်းမခူးရဆိုတာ အရင်နှစ်တွေကဆို ရဲတပ်ဖွဲ့က လာစောင့်ပေးတယ်။ ဒီနှစ်တော့ မစောင့်ကြတော့ ကျွန်မတို့တွေကပဲ ခူးတာတွေ့ရင် မခူးရဘူး။ ဒဏ်ငွေရှိတယ်ဆိုတာ ပြောရတယ်။ ဒါပေမဲ့ မရပါဘူး။ ဒီနားက မခူးဘူး တခြားကခူးလာတယ်ဆိုပြီး ကိုင်းတွေ ချိုးလာကြတယ်"ဟု ချယ်ရီပင်ထိန်းသိမ်းရေးအတွက် လုပ်ဆောင်နေသူ လွယ်မွေဒေသခံ ဒေါ်ယဉ်သီတာဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့ရှိ လွယ်မွေတောင်ကုန်းတွင် ကိုလိုနီခေတ် ၁၉၁၈ ခုနှစ်က တည်ဆောက်ခဲ့သည့် ကာနယ် ရူဘယ်၏ ကိုလိုနီခေတ်နေအိမ်နှင့် ချယ်ရီပင်တန်းများကြောင့် ချယ်ရီပန်းပွင့်ချိန်၌ လာရောက်လည်ပတ်သူ အများအပြား ရှိတတ်ရာ ဒေသခံများအနေဖြင့် ဒေသထွက်ကုန်နှင့် စားသောက်ဖွယ်ရာ ရောင်းချသည့်ဆိုင်များ ဖွင့်လှစ် ရောင်းချနိုင်ကြခြင်းဖြစ်သည်။

ချယ်ရီပန်းပွင့်ချိန်တွင် ပန်းအလှကြည့်ရှုရန် လာရောက်သူများမှာ ပန်းများချိုးယူ၊ ခုတ်ယူမှုများ ရှိသဖြင့် ဒေသခံများက သတိပေးစာ ကပ်ခြင်းများ လုပ်ဆောင်လာပြီး ၂၀၁၈ နှစ်ဆန်းပိုင်း ချယ်ရီပွင့်ချိန်က ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးသော်လည်း ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် ချယ်ရီပွင့်ချိန်တွင် လုံခြုံရေးတာဝန်ချထားပေးခြင်းမရှိတော့ကြောင်း သိရသည်။

ချယ်ရီပန်းများ ခူးယူမှု မဖြစ်ပေါ်စေရေးအတွက် တပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးလာရောက်ရယူခဲ့သော်လည်း ယခုနှစ်တွင် လာရောက်စောင့်ကြပ်မှု မရှိတော့သည့်အတွက် ဒေသခံများမှ ချယ်ရီပန်းထိန်းသိမ်းရေးလုပ်ငန်းများအတွက် လာရောက်စောင့်ကြပ်မှုများ လုပ်ကိုင်ရန်လိုလားနေကြောင်း သိရသည်။

ယင်းအပြင် ချယ်ရီပင်များ စိုက်ပျိုးထားရာနေရာများတွင် ကျွဲ၊ နွား၊မြင်းစသည့် တိရစ္ဆာန်များ လွှတ်ကျောင်းမှုကြောင့် အပင်များ ရှင်သန်မှုနည်းသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကူအညီတောင်းရန် ကြိုးစားနေသည်ဟု ဒေသခံများထံမှ သိရသည်။

လွယ်မွေဒေသတွင် နှစ်စဉ် ဒီဇင်ဘာလမှ ဖေဖေါ်ဝါရီလအတွင်း  ဖူးပွင့်လေ့ရှိပြီး ချယ်ရီပန်းလာရောက်ကြည့်ရှုသည့် ခရီးသွားများ တစ်နှစ်ထက်တစ်နှစ် များလာ၍ ချယ်ရီပင်များ တိုးချဲ့စိုက်ပျိုးရန် ဒေသခံများက ကြိုးစားနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ဟန်စိုးထိုက် ၊ ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~