ဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး တံတား(၁)မှ ဝင်ရောက်လာသူအားလုံးကို ပူးပေါင်း စစ်ဆေး

ဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး တံတား(၁)မှ ဝင်ရောက်လာသူအားလုံးကို ပူးပေါင်း စစ်ဆေး
ဇန်နဝါရီ 31, 2020
By Tachileik News Agency

ဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တာချီလိတ်ရှိ  မြန်မာ - ထိုင်းချစ်ကြည်ရေး တံတား(၁)မှ  ဝင်ရောက်လာသူအားလုံးကို ပူးပေါင်း စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ အဓိကနယ်စပ်ဝင်ပေါက်ဖြစ်သည့် မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁) တံတားပေါ်တွင် မြန်မာနိုင်ငံတွင်း ဝင်ရောက်လာသူအားလုံးကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့မှ စတင်ကာ ကိုယ်အပူချိန်တိုင်းတာမှုများ လုပ်ဆောင်နေသည့် ကျန်းမာရေးဦးစီးဌာနကို ဌာနဆိုင်ရာများက ပူးပေါင်းကူညီပေးကြသည်။

"အရပ်ဘက်နဲ့ တပ်နဲ့ပေါင်းပြီးဆောင်ရွက်နေတာပါ။ ကြိုတင်ကာကွယ်ရေးအနေနဲ့ ပူးပေါင်းဆောင်ရွက်တာပါ။ တစ်နေရာကို (၁၅) ယောက်လောက် ချထားပေးထားတယ်"

ဟု စစ်ဗျူဟာ(အခြေချ) တာချီလိတ်မှ တပ်မတော်အရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း နယ်စပ်ဝင်ပေါက်များဖြစ်သည့် မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား၊ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုရှိ ဝမ်ပုံဆိပ်ကမ်းနှင့် ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတားတို့တွင် ကိုယ်အပူချိန်တိုင်းတာမှုများဆောင်ရွက်နေပြီး တပ်မတော်ဆေးကုသရေးအဖွဲ့၊ ကြက်ခြေနီအဖွဲ့တို့အပြင် သက်ဆိုင်ရာဌာနများကလည်း ကျန်းမာရေးဦးစီးဌာနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

"ကျွန်တော်တို့ (၄) ဦး ချထားပေးပါတယ်။ မနက် (၂) ယောက်၊ ညနေ (၂) ယောက်ပေါ့။ ကျွန်တော်တို့ စီမံချက်မပြီးမချင်း ဆောင်ရွက်သွားမှာပါ။ အရင် H5N1 တို့၊ H1N1 တို့၊ SARS တို့တုန်းကလည်း ဒီလိုပဲ တံတားပေါ်မှာ (၂) လ၊ (၃) လသွားပြီးတော့ ကူညီပေးခဲ့တာပေါ့"

ဟု တာချီလိတ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဘမိုးမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝူဟန်အဆုတ်ရောင်ရောဂါ (ကိုရိုနာဗိုင်းရပ်စ်) ကြိုတင်ကာကွယ်ရေးအတွက် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းကို မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် တတိယနိုင်ငံသားများအား ၂၀၂၀ ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့မှစတင်ပြီး ဇန်နဝါရီလ (၂၇) ရက်နေ့တွင် Thermal Scanner စက်ကိုတပ်ဆင်ခဲ့ကာ လမ်းလျှောက်ဝင်ရောက်လာသူအားလုံးကို ကိုယ်အပူချိန်တိုင်းတာမှုများလုပ်ဆောင်လာခြင်းဖြစ်သည်။

ဝူဟန်အဆုတ်ရောင်ရောဂါ (ကိုရိုနာဗိုင်းရပ်စ်) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရန်အတွက် ဇန်နဝါရီလ (၃၁) ရက်နေ့မှစတင်ကာ ကျန်းမာရေးဦးစီးဌာနဦးဆောင်မှုဖြင့် တပ်မတော်ဆေးကုသရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပြီး မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားတွင် ကား၊ ဆိုင်ကယ်များဖြင့် ဝင်ရောက်လာသူများကိုပါ စစ်ဆေးခြင်း၊ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ် (၂)တံတား၊ ဝမ်ပုံဆိပ်ကမ်းနှင့် ကျိုင်းလပ်တံတားတို့တွင် စစ်ဆေးခြင်းများကို ပူးပေါင်းကူညီနေကြခြင်းဖြစ်ကြောင်း သိရသည်။

ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်)ကူးစက်ပျံ့ပွားမှုသည်  တရုတ်နိုင်ငံ အပါအဝင် ထိုင်း၊ ဂျပန်၊ စင်္ကာပူ၊ သြစတေးလျ၊ မလေးရှား၊ ပြင်သစ်၊ အမေရိကန်၊ ဂျာမဏီ၊ အီတလီ၊ ‌တောင်ကိုရီးယား၊ အမေရိကန်၊ အာရပ်ဆော်ဘွားများနိုင်ငံ၊ ကနေဒါ၊ ဗီယက်နမ်၊ က‌မ္ဘောဒီးယား၊ ဖင်လန်၊ အိန္ဒိယ၊ နီပေါ၊ ဖီလစ်ပိုင်နှင့် သီရိလင်္ကာနိုင်ငံ စသည့် နိုင်ငံပေါင်း (၂၀)သို့ ရောက်ရှိနေပြီး ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ ညနေ(၄)နာရီအထိတွင် ကူးစက်ခံရသူ စုစုပေါင်း (၉,776)ဦး ရှိပြီး သေဆုံးသူ (၂၁၃)ဦးရာ သေဆုံးသူများမှ တရုတ်နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~