ရွာငံတွင် ခွင့်ပြုချက်မရှိ သတ္တုတူးဖေါ်သည့် တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီ ဒေသခံများကို လျော်ကြေးပေးရမည်

ရွာငံတွင် ခွင့်ပြုချက်မရှိ သတ္တုတူးဖေါ်သည့် တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီ ဒေသခံများကို လျော်ကြေးပေးရမည်
ဒီဇင်ဘာ 12, 2019
By Tachileik News Agency
ရွာငံတွင် ခွင့်ပြုချက်မရှိဘဲ ခဲသတ္တုတူးဖေါ်ခဲ့သည့် တရုတ်နိုင်ငံသားပိုင် GPS ကုမ္ပဏီက 
ဒေသခံများကို လျော်ကြေးပေးရမည်

 ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီ GPS JOINT VENTURE COMPANY LIMITED က ခွင့်ပြုချက်မရှိဘဲ ခဲသတ္တုစမ်းသပ်တူးဖေါ်ခဲ့သည့်အတွက် ကုမ္ပဏီတာဝန်ခံကို တရားစွဲဆိုထားပြီး ထိခိုက်နစ်နာခဲ့သည့် ဒေသခံများကို လျော်ကြေးပေးချေရမည် ဖြစ်ကြောင်း သိရသည်။

“တရားမဝင်လမ်းဖေါက်ခြင်း သဘာဝသယံဇာခိုးထုတ်ခြင်းတို့ကြောင့် ပျက်စီးခဲ့ရသည့် သဘာဝပတ်ဝန်းကျင် ပြန်လည်ကုစားရေးအတွက် ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၁)သတ္တုတွင်းလုပ်ငန်းကိုယ်စားလှယ်၊ GPS ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဒေသဆိုင်ရာအာဏာပိုင်များ၊ ဒေသကိုယ်စားလှယ်ဆိုင်ရာ ရပ်မိရပ်ဖများပါဝင်သည့် ကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့ ဖွဲ့စည်းပြီးတော့မှ ထိခိုက်နစ်နာမှုရှိတဲ့ ပြည်သူများရဲ့ စိုက်ခင်းမြေနေရာ၊ ရွှေ့ပြောင်းတောင်ယာတွေကို နစ်နာကြေး၊ လျော်ကြေးများ ပေးနိုင်ရေးအတွက် လုပ်ငန်းစီမံချက်များရေးဆွဲပြီး တင်ပြထားလျှက်ရှိပါတယ်”ဟု  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေက ပြည်သူ့လွှတ်တော်တွင် ဖြေကြားသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် ရွာငံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက GPS ကုမ္ပဏီမှ တရားမဝင် သတ္တုတူးဖော်နေမှုအား အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ကွင်းဆင်း စိစစ်အရေးယူဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခဲ့ခြင်းအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေက ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရွာငံမြို့နယ်၊ သဖန်းပင်ကျေးရွာနှင့် ငှက်သောက်ကျေးရွာအနီး အင်ကြင်ရေဒေသတွင် GPS JOINT VENTURE COMPANY LIMITED အမည်ရှိ တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီက ခွင့်ပြုမိန့်မရှိဘဲ ခဲသတ္ထုတူးဖော်မှုကို ရွာငံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း ပြည်သူ့လွှတ်တော်တွင် တင်ပြမေးမြန်းရာ အောက်တိုဘာလတွင် ဝန်ကြီးဌာနမှ ကွင်းဆင်းစစ်ဆေး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီသည် သတ္တုစမ်းသပ်တူးဖေါ်ခွင့် ရရှိထားခြင်းမရှိသော်လည်း တစ်ရက်လျှင် ခဲသတ္ထု တန် (၂၀) ကျစက်ရုံကို လည်ပတ်ကာ လပေါင်းများစွာ အဆောက်အအုံ အခိုင်အမာဖြင့် တူးဖော်ခဲ့သည့်အပြင် လမ်းအရှည်တစ်မိုင်ခန့်ဖောက်ခဲ့ကာ ခဲသန့်စင်စက်ရုံတစ်ရုံ၊ အမြင့် (၁၃) ပေ၊ အကျယ် (၁၅) ပေနှင့် အရှည် ပေ (၁၀၀) ခန့် ရှိသော သတ္ထုထုတ်လှိုင်ခေါင်းတစ်ခု၊ ပေ (၄၅၀၀) ဝန်းကျင်ရှိ ဟင်းလင်းပွင့်သတ္ထုမိုင်းတစ်ခုတို့ကို ဖန်တီးကာ သတ္ထုများကို တူးဖော်သွားခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေက လွှတ်တော်တွင် ဖြေကြားချက်အရ သိရသည်။

ယင်းကဲ့သို့ သတ္တုတူးဖေါ်ခြင်းကြောင့် ကုမ္ပဏီရဲ့အနိမ့်ပိုင်းရှိ ကရဏီချောင်းအတွင်းသို့ စွန့်ပစ်ရေများကြောင့် ရေအရည်အသွေးကျဆင်းခြင်းရှိမရှိကိုလည်း ဝန်ကြီးဌာနက စစ်ဆေးထားပြီး ရေအရည်အသွေး ထိခိုက်မှုမရှိကြောင်းလည်း ထည့်သွင်းပြောကြားသွားသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~