မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့် ရက် ၃၀ အထိ အပြန်အလှန် တိုးမြှင့်ခွင့်ပြု

မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့် ရက် ၃၀ အထိ အပြန်အလှန် တိုးမြှင့်ခွင့်ပြု
ဒီဇင်ဘာ 31, 2019
By 🌸

မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့် ရက် ၃၀ အထိ အပြန်အလှန် တိုးမြှင့်ခွင့်ပြု

မြန်မာနှင့် ဗီယက်နမ်နိုင်ငံသားများအနေဖြင့် နှစ်နိုင်ငံအတွင်း ဗီဇာကင်းလွတ်ခွင့် (၁၄)ရက်ရရှိနေရာမှ ရက်ပေါင်း (၃၀)အထိ တိုးမြှင့်ခံစားခွင့်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့စ၍ ရရှိသွားပြီဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်ခွင့်သက်တမ်း (၁၄) ရက် ခွင့်ပြုပေးထားခြင်းအား ရက်ပေါင်း (၃၀) အထိ တိုးမြှင့်ခွင့်ပြုရန် နှစ်နိုင်ငံသဘောတူညီချက် ရရှိထားကြောင်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ မြန်မာသံရုံးက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ သဘောတူညီချက်ကို ဗီယက်နမ်ဝန်ကြီးချုပ်၏ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့က မြန်မာနိုင်ငံခရီးစဉ်အတွင်း ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့ အထိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရိးလာရောက်စဉ်ကာလအတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား လုပ်ငန်းစီမံချက်နှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

မြန်မာနှင့် ဗီယက်နမ်နှစ်နိုင်ငံကြား လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အကောင်အထည်ဖော်ဆောင်မှု လုပ်ငန်းစီမံချက်(၂၀၁၉-၂၀၂၄)နှင့် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများ အကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကို လက်မှတ်ရေးထိုးခဲ့ကြသည့်အပြင် နှစ်နိုင်ငံမှ သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများ အတွက် ဗီဇာကင်းလွတ်ခွင့်ကို (၁၄)ရက်မှ (၃၀)ရက်အထိ တိုးမြှင့်သည့် သံတမန်စာကို လဲလှယ်ခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~