နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ တာချီလိတ်ခရီးစဉ်တွင် တင်ပြထားသည့် မြေယာကိစ္စရပ် နှစ်ခုကို ရှင်းလင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ တာချီလိတ်ခရီးစဉ်တွင် တင်ပြထားသည့် မြေယာကိစ္စရပ် နှစ်ခုကို ရှင်းလင်း
ဒီဇင်ဘာ 24, 2019
By Tachileik News Agency

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏  တာချီလိတ်ခရီးစဉ်တွင် တင်ပြထားသည့် 
မြေယာကိစ္စရပ်နှစ်ခုကို ရှင်းလင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တာချီလိတ်မြို့ခရီးစဉ်တွင် ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲ၌ တင်ပြခဲ့သည့် မြေယာပြသနာ (၂) ခုကို ၂၀၁၉ခုနှစ် ဒီဇင်ဘာ (၂၄) ရက်နေ့တွင်  မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သက်ဆိုင်သူများကို ခေါ်ယူရှင်းလင်းပေးသည်။

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ဦးကိုချစ် လုပ်ကိုင်ခွင့်ရထားသည့် မြေယာကိစ္စနှင့် ဆန်ဆိုင်း(ခ) ရပ်ကွက်အတွင်းရှိ (ဈ) မြေယာကိစ္စတို့ကို တင်ပြခဲ့ခြင်းနှင့်ပတ်သက်၍ ဗဟိုမြေလွတ်မြေရိုင်း စိစစ်ရေးကော်မတီက ပြန်လည်ညွှန်ကြားချက်များရရှိလာပြီဖြစ်၍ နှစ်ဖက်ခေါ်ယူရှင်းလင်းခဲ့ခြင်းဖြစ်သော်လည်း (ဈ) မြေယာနှင့်သက်ဆိုင်သည့် ဒေါ်နန်းခမ်းတစ်ဘက်မှ လာရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

"အတိုင်ပင်ခံပုဂ္ဂိုလ်ခရီးစဉ်မှာ တင်ပြခဲ့တဲ့ ကိစ္စတွေပေါ့။ (ဈ) ဆို ဒေါ်နန်းခမ်းတစ်ပေါ့။ မြေလွတ်မြေရိုင်းရထားတယ်။ နောက် ဦးကိုချစ်တို့ လုပ်ပိုင်ခွင့်ရထားတယ်။ ဒီကိစ္စတွေကို မြေလွတ်မြေရိုင်း(ဗဟို)ကနေပြီးမှ တရားဝင် စွန့်လွှတ်ပြီပေါ့နော်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ခရီးစဉ်မှာ တင်ပြထားတဲ့အတွက် ဒီပုဂ္ဂိုလ်တွေကို ခေါ်ယူပြီးမှ အဓိကရှင်းပြတာပေါ့။ လျှောက်ထားလိုတဲ့ တောင်သူတွေအနေနဲ့ ဒီမြေတွေပေါ်မှာ ဆက်ပြီးလျှောက်ထားနိုင်တယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ဦးကိုချစ် လုပ်ကိုင်ခွင့်ရထားသည့် မြေဧက (၇၉.၂၀) အနက် (၃၈) ဧကကိုသာ ပြန်လည်လုပ်ပိုင်ခွင့်ပြုခဲ့ပြီး လုပ်ငန်းဖေါ်ဆောင်ခဲ့ခြင်း မရှိသည့် မြေ (၄၁.၂၀)ဧကကို ပယ်ဖျက်ခဲ့ကြောင်း၊ (ဈ) မြေကွက်သစ်များပါဝင်သည့် ဟောင်လိတ်ကျေးရွာအုပ်စုအတွင်း ဒေါ်နန်းခမ်းတစ် လုပ်ကိုင်ခွင့်ရထားသည့် မြေဧက (၉၃.၁၉) ကို ဗဟိုမြေလွတ်မြေရိုင်းစိစစ်ရေးကော်မတီမှ အပြီးတိုင် ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~