တာချီလိတ်မြို့ရှိ တာလော့ဈေးအား စနစ်တကျ ဖြစ်စေရေးအတွက် စည်းကမ်းထိန်းသိမ်းမှု စတင်တော့မည်

တာချီလိတ်မြို့ရှိ တာလော့ဈေးအား စနစ်တကျ ဖြစ်စေရေးအတွက် စည်းကမ်းထိန်းသိမ်းမှု စတင်တော့မည်
ဒီဇင်ဘာ 28, 2019
By Tachileik News Agency
တာချီလိတ်မြို့ရှိ တာလော့ဈေးအား စနစ်တကျ ဖြစ်စေရေးအတွက် 
စည်းကမ်းထိန်းသိမ်းမှု စတင်တော့မည်

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းနယ် ချစ်ကြည်ရေးအမှတ်(၁)တံတားအနီး တာလော့ဈေးအတွင်း သတ်မှတ်နေရာများထက် ကျော်လွန်ကာ ဈေးရောင်းချနေမှုများကြောင့် လမ်းသွားလမ်းလာများ အခက်အခဲဖြစ်နေ၍  ဈေးဆိုင်ခန်း ခင်းကျင်းရောင်းချမှုများနှင့် ပတ်သက်၍ စည်းကမ်းထိမ်းသိမ်းမှုများကို နှစ်ကူးကာလအပြီးတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"တာလော့ဈေးကတော့ နှစ်သစ်ကူးပြီးမှ လုပ်မယ်။ တာလော့ဘုံကျောင်းမှာ ရပ်ကွက်အစည်းအဝေးခေါ်ပြီးတော့ စည်းကမ်းထိန်းသိမ်းရေး လုပ်မှာပေါ့။ တာလော့ဈေးထဲ စနစ်တကျ ဈေးရောင်းချနိုင်ရေးအတွက် ကွင်းဆင်းပြီး ကြည့်ထားပါတယ်"

ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေ့ နေ့လယ်ပိုင်းတွင် တာလော့ဈေးအတွင်း ကွင်းဆင်းကြည့်ရှုခဲ့ခြင်းဖြစ်သည်။

"တာလော့ဈေးထဲမှာ လူသွားလမ်း လုပ်လို့ မရတော့ဘူး။ တစ်ချို့က မျဉ်းဖြူ၊ မျဉ်းနီကို ကျော်ပြီး ဈေးရောင်းတာတွေ လုပ်တယ်။ ဒါတွေကို စနစ်တကျ စည်းကမ်းတကျ ရှိစေဖို့နဲ့ လူသွားလူလာ အဆင်ပြေချောမွေ့စေဖို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကွင်းဆင်းကြည့်တဲ့ အနေအထားပါ"

ဟု တာချီလိတ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာလော့ဈေးသည် မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားမှ ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသား  အများဆုံး လာရောက်လေ့ရှိသည့် ဈေးတစ်ခုဖြစ်၍ စနစ်တကျဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း  - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~