မယ်ဆိုင်ဘက် ဗလီကျောင်းရှေ့ရှိ ဓါတ်တိုင် ကားတိုက်ခံရမှုကြောင့် တာချီလိတ်တွင် မမျှော်မှန်းထားပဲ မီးပြတ်ချိန် တစ်နေကုန်ကြာမြင့်ခဲ့

မယ်ဆိုင်ဘက် ဗလီကျောင်းရှေ့ရှိ ဓါတ်တိုင် ကားတိုက်ခံရမှုကြောင့် တာချီလိတ်တွင် မမျှော်မှန်းထားပဲ မီးပြတ်ချိန် တစ်နေကုန်ကြာမြင့်ခဲ့
ဒီဇင်ဘာ 18, 2019
By Tachileik News Agency
မယ်ဆိုင်ဘက် ဗလီကျောင်းရှေ့ရှိ ဓါတ်တိုင် ကားတိုက်ခံရမှုကြောင့် တာချီလိတ်တွင် မမျှော်မှန်းထားပဲ 
မီးပြတ်ချိန် တစ်နေကုန်ကြာမြင့်ခဲ့

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ တရုတ်ဘုံကျောင်းအနီး ဗလီကျောင်းရှေ့ရှိ ဓါတ်မီးတိုင်အား ယာဉ်တစ်စီးမှ ဒီဇင်ဘာလ (၁၈)ရက်နေ့ နံနက်အစေားပိုင်းက အရှိန်ပြင်းစွာ ဝင်တိုက်မိရာသွားရာမှ မြန်မာနိုင်ငံ တာချီလိတ်ဘက်သို့ သွယ်တန်းပေးထားသည့် လျှပ်စစ်မီးကြိုးနှင့် ဆက်စပ်ကာ ပါဝါလိုင်းထိခိုက်မှုဖြစ်ပေါ်ခဲ့သည့်အတွက် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁၈)ရက်နေ့ နံနက်(၇)နာရီ (၂၅)မိနစ်အချိန်က စ၍ ညနေ(၅)နာရီ (၄၃)မိနစ်အချိန်အထိ တာချီလိတ်မြို့ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားမှ ဆန်ဆိုင်း(က) နဂါးနှစ်ကောင်ဘုန်းကြီးကျောင်းအထိ လျှပ်စစ်မီး ပြတ်တောက်သွားခဲ့သည်။

လျှပ်စစ်မီး ပြတ်တောက်ချိန်အား မယ်ဆိုင်ဘက်က အချိန်(၁)နာရီဝန်းကျင်သာ ပြတ်တောက်မည်ဟု မျှော်မှန်းထားသော်လည်း ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ပါဝါမီးလိုင်းအား ထိခိုက်မှုရှိသည့် အတွက် အချိန်များစွာ ယူကာ ပြုပြင်မှုများ လုပ်ဆောင်ရသည့်အတွက် ညနေ(၅)နာရီခွဲကျော်မှ လျှပ်စစ်မီးအား ပြန်လည်လွှတ်ပေးရကြောင်း သိရသည်။

တာချီလိတ်တွင် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးသွယ်တန်းရယူရာတွင် မီးလိုင်းနှစ်လိုင်းခွဲထားရာ ယနေ့ လျှပ်စစ်မီးပြတ်တောက်သည့် မီးလိုင်းမှာ ချစ်ကြည်ရေး အမှတ်(၁)တံတားဘက်မှ ရယူသည့် မီးလိုင်းသာပြတ်တောက်သွားခြင်းဖြစ်၍ နဂါးနှစ်ကောင်ဘုန်းကြီးကျောင်းအကျော်စ၍ မြို့ပြင် မိုင်းကိုးကျေးရွာအုပ်စု နှင့် မိုင်းဖုန်းကျေးရွာအုပ်စုတို့အထိ လျှပ်စစ်မီးပြတ်တောက်ခြင်း မရှိခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်မြို့သည် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးအား ရယူသုံးစွဲနေရပြီး တာလေမြို့နှင့်ကျိုင်းလပ်မြို့တို့မှာ လာအိုနိုင်ငံမှ လျှပ်စစ်မီးအား ရယူသုံးစွဲနေရခြင်း ဖြစ်သည်။

ပုံအညွှန်း - မယ်ဆိုင်ဘက်တွင် လျှပ်စစ်မီး ပြုပြင်ဆောင်ရွက်နေပုံ

Tachileik News Agency
Photo: Maesai PEA

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~