တာချီလိတ်တွင် မဂ္ဂနိဒိုင်အောက်ဆိုဒ်လုပ်ကွက်များအနီးရှိ ချောင်းရေနမူနာများကို စစ်ဆေးနေ

တာချီလိတ်တွင် မဂ္ဂနိဒိုင်အောက်ဆိုဒ်လုပ်ကွက်များအနီးရှိ ချောင်းရေနမူနာများကို စစ်ဆေးနေ
ဒီဇင်ဘာ 16, 2019
By Tachileik News Agency
တာချီလိတ်တွင် မဂ္ဂနိဒိုင်အောက်ဆိုဒ်လုပ်ကွက်များအနီးရှိ ချောင်းရေနမူနာများကို စစ်ဆေးနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ မဂ္ဂနိဒိုင်အောက်ဆိုဒ် ထုတ်လုပ်ရေး လုပ်ကွက်များအနီးရှိ ချောင်းရေနမူနာများကို ပြည်ထောင်စုဝန်ကြီး၏ ညွှန်ကြားချက်အရ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့ကတည်းက ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ပေးပို့ စစ်ဆေးထားကြောင်း သိရသည်။


ဓါတ်ခွဲခန်းသို့ ပို့ဆောင်ရန်အတွက် ချောင်းအတွင်း ရေရယူနေကြစဉ် 

"မဂ္ဂနိဒိုင်အောက်ဆိုဒ် လုပ်ကွက်တွေရှိတဲ့ ချောင်းတွေက ရေနမူနာတွေ တိုင်းတယ်။ မဂ္ဂနိဒိုင်အောက်ဆိုဒ် စက်ရုံတွေအောက် ရေတွေကိုတိုင်းတယ်။ ပြည်ထောင်စုဝန်ကြီးရဲ့ ညွှန်ကြားချက်ပေါ့။ ကျွန်တော်တို့ဆီမှာ ဓာတ်ခွဲစက်မရှိဘူး။ အဖြေကို ပြည်နယ်က ပြည်ထောင်စုကို တင်ပြပါလိမ့်မယ်"ဟု  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာချီလိတ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


ဓါတ်ခွဲခန်းသို့ ပို့ဆောင်ရန်အတွက် ချောင်းအတွင်း ရေရယူနေကြစဉ် 

မိုင်းကိုးကျေးရွာအုပ်စုအတွင်း မဂ္ဂနိဒိုင်အောက်ဆိုဒ်လုပ်ကွက်များအနီးရှိ နမ့်တွန်ချောင်း အပေါ်ပိုင်း၊ နမ့်ကိုင်းချောင်း အပေါ်ပိုင်း၊ နမ့်တွန်ချောင်းနှင့် နမ့်ကိုင်းချောင်းဆုံရာနေရာ၏အောက်ဖက်နှင့် မဂ္ဂနိဒိုင်အောက်ဆိုဒ်သန့်စင်သည့်နေရာများအနီးရှိ နမ့်တွန်ချောင်းရေနမူနာ (၄) နေရာယူဆောင်ပြီး ပြည်နယ်သို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 
ဓါတ်ခွဲခန်းသို့ ပို့ဆောင်ရန်အတွက် ချောင်းအတွင်း ရေရယူနေကြစဉ် 

"မိုင်းကိုးဘက်ကဆင်းတဲ့ ချောင်းတွေရှိတယ်။ အဲဒီချောင်းတွေကို ရေအရည်အသွေးတိုင်းတာစေချင်တယ်။ အပေါ်က ဖြိုချနေတဲ့မြေတွေရှိတယ်။ စွန့်တဲ့မြေတွေရှိတယ်။ မိုးရွာတော့ လျှိုတွေထဲကနေ ဝင်လာမယ်။ မြေပံမှာကြည့်ပြီးတော့ အဝတွေသွားတိုင်းပါ။ သူတို့ကတော့ အရံအတားတွေလုပ်ထားတယ် ပြောတယ်။ သူတို့ကြောင့် ချောင်းတွေမှာ ဘယ်လောက်ထိခိုက်လည်း သိချင်တယ်။ သတ္တုလုပ်ငန်းတွေက အလတ်စားကို ပြောင်းဖို့တင်ထားတယ်ဆိုတော့ သူတို့လုပ်ဆောင်မှု ဘာမှမရှိနိုင်သေးဘူး။ ကျွန်တော်တို့ တူးတယ်၊ ဖြိုတယ်ဆိုတော့ ထိခိုက်မှုကတော့ကျိန်းသေရှိမှာပဲ"ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့တွင် တာချီလိတ်မြို့သို့လာရောက်သည့်ခရီးစဉ်တွင် လမ်းညွှန်ခဲ့ခြင်းဖြစ်သည်။

ဓါတ်ခွဲခန်းသို့ ပို့ဆောင်ရန်အတွက် ချောင်းအတွင်း ရေရယူနေကြစဉ် 

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုတွင် ကျောက်ဆောင်နီကုမ္ပဏီ၊ ဝဏ္ဏသိန်းသန်းကုမ္ပဏီ၊ စံပါရမီကုမ္ပဏီ၊ စိုင်းလောင်ဟိန်းကုမ္ပဏီ၊ ဟိန်းလင်းစံကုမ္ပဏီ၊ မြင့်ဦးအောင်ကုမ္ပဏီနှင့် ရွှေဖြူကောင်းကင် နန်းတော်ကုမ္ပဏီတို့မှ မဂ္ဂနိဒိုင်အောက်ဆိုဒ်များ တူးဖော်နေပြီး အသေးစားတူးဖော်ထုတ်လုပ်နေမှုမှ အလတ်စားတူးဖော်ထုတ်လုပ်နိုင်ရေးအတွက် တင်ပြတောင်းခံထားကြောင်း သိရသည်။ 

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~