နိုင်ငံခြားသား နှစ်ဦးက ကျပ်ငွေမှ တဆင့် ဒေါ်လာတစ်သိန်း လဲလှယ်မည်ဟုဆိုကာ ငွေတုများဖြင့် လိမ်လည်မှု ရန်ကုန်တွင် ဖြစ်ပွား

နိုင်ငံခြားသား နှစ်ဦးက ကျပ်ငွေမှ တဆင့် ဒေါ်လာတစ်သိန်း လဲလှယ်မည်ဟုဆိုကာ ငွေတုများဖြင့် လိမ်လည်မှု ရန်ကုန်တွင် ဖြစ်ပွား
ဒီဇင်ဘာ 19, 2019
By Tachileik News Agency
နိုင်ငံခြားသား နှစ်ဦးက ကျပ်ငွေမှ တဆင့် ဒေါ်လာတစ်သိန်း လဲလှယ်မည်ဟုဆိုကာ ငွေတုများဖြင့် လိမ်လည်မှု ရန်ကုန်တွင် ဖြစ်ပွား

ငွေလဲကောင်တာတစ်ခုတွင် နိုင်ငံခြားသားနှစ်ဦးက ကျပ်ငွေမှတဆင့် ဒေါ်လာတစ်သိန်း လဲလှယ်ဝယ်ယူလိုကြောင်း ပြောဆိုကာ ငွေတုများဖြင့် လိမ်လည်သွားမှု ရန်ကုန်တွင်  ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်ရှိ Ballion Coin Money Changer ၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့ ညနေ (၃) နာရီ (၁၀) မိနစ်ဝန်းကျင်က နိုင်ငံခြားသားနှစ်ဦးရောက်လာကာ အမေရိကန် ဒေါ်လာ (၁) သိန်းကို မြန်မာကျပ်ငွေ ဖြင့် လဲလှယ် ဝယ်ယူလိုကြောင်း ပြောဆိုသဖြင့် ငွေလဲကောင်တာမှ ဝန်ထမ်းအမျိုးသမီးက အမေရိကန်ဒေါ်လာ ၁၀၀ တန် (၁၀၀၀) ရွက်အား အရင် ပေးလိုက်ရာ နိုင်ငံခြားသားနှစ်ဦးက လက်ကိုင်တစ်ခုအတွင်း ထည့်လိုက်ပြီးနောက် ပြန်ထုတ်ကာ အခြား လက်ကိုင်အိတ်တစ်ခုသို့ လဲလှယ်ထည့်သွင်းခဲ့ကြောင်း သိရသည်။

ယင်းနောက် အမေရိကန်ဒေါ်လာတစ်သိန်းဖိုး ပေးချေရန် မြန်မာကျပ်ငွေများကို ကားပေါ်တွင် သွားယူရမည်ဟုဆိုကာ စရန်ငွေ အဖြစ် မြန်မာကျပ်ငွေ (၅)သိန်းနှင့် အမေရိကန်ဒေါ်လာများ ထည့်သွင်းထားသည့် လက်ကိုင်အိတ်တို့ကို  ငွေလဲကောင်တာတွင် ထားခဲ့ကာ ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွက်သွားသည့် နိုင်ငံခြားသား နှစ်ဦးမှာ ပြန်မလာသဖြင့် အပ်ထားခဲ့သည့် လက်ကိုင်အိတ်အား ဖွင့်ကြည့်ရာ အိတ်အတွင်း ထည့်ထားသည့် အမေရိကန် ဒေါ်လာ (၁)သိန်း အစစ်များမဟုတ်တော့ဘဲ လဲလှယ်ထည့်ထားခဲ့သည့် အတုများဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

လိမ်လည်သွားသည့် နိုင်ငံခြားသားနှစ်ဦးကို ရန်ကင်းမြို့မရဲစခန်းတွင် (ပ)၉၇၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၉(ခ)(လိမ်လည်မှု/ငွေစက္ကူအတုသုံးစွဲမှု)ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုကို ရန်ကင်းမြို့မရဲစခန်းမှ ရဲအုပ်အောင်ကျော်စိန်က စစ်ဆေးဆောင်ရွက်နေပြီး ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့မှူး  ရဲမှူး စိုးမြင့်ဦး၊ စခန်းမှူး ဒုရဲမှူး ဉာဏ်လင်းသန်းတို့ ဦးဆောင်ကြီးကြပ်၍ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်ဟု သိရသည်။

အဆိုပါ နိုင်ငံခြားသားနှစ်ဦးသည်  အခင်းမဖြစ်ပွားမီက အဆိုပါငွေလဲကောင်တာတွင် အမေရိကန်ဒေါ်လာ (၈၀၀) တစ်ကြိမ်၊ (၁၄၀၀) တစ်ကြိမ်၊ (၃၀၀၀) တစ်ကြိမ်၊ (၈၀၀၀) တစ်ကြိမ်နှင့် (၁၃၅၀၀)တစ်ကြိမ် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~