(၄)နိုင်ငံဖြတ်ကျော် မော်တော်ယာဉ် (၄၅)စီး နှင့် တရုတ်နိုင်ငံသား အယောက်(၁၂၀)ခရီးသွားအဖွဲ့ တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာ

(၄)နိုင်ငံဖြတ်ကျော် မော်တော်ယာဉ် (၄၅)စီး နှင့် တရုတ်နိုင်ငံသား အယောက်(၁၂၀)ခရီးသွားအဖွဲ့ တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာ
ဒီဇင်ဘာ 17, 2019
By Tachileik News Agency
(၄)နိုင်ငံဖြတ်ကျော် မော်တော်ယာဉ် (၄၅)စီး နှင့် တရုတ်နိုင်ငံသား အယောက်(၁၂၀)ခရီးသွားအဖွဲ့ တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံသို့  ပြန်လည်ထွက်ခွာ

မြန်မာ- ထိုင်းနယ်စပ် မြဝတီနယ်စပ်ဝင်ပေါက်မှ ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၁၂၀) ဦးပါဝင်သည့် မော်တော်ယာဉ် (၄၅) စီးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)မှတစ်ဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ပြန်လည် ထွက်ခွာသွားခဲ့သည်။

၂၀၁၉ ခုနှစ်' ရပ်ဝန်းနှင့် လမ်းကြောင်းသက်တန့်ရောင်ချယ်ယူနန်နယ်'ခရီးစဉ်တွင် မော်တော်ယာဉ် (၄၅) စီးပါဝင်သည့် တရုတ်နိုင်ငံသား (၁၂၀) ဦးအဖွဲ့သည် ဒီဇင်ဘာ (၈) ရက်နေ့တွင် မြဝတီမြို့မှ ဝင်ရောက်လာခဲ့ပြီး မြဝတီ၊ ရန်ကုန်၊ နေပြည်တော်၊ ပုဂံ၊ မန္တလေး၊ နမ့်စန်၊ ကျိုင်းတုံ၊ တာချီလိတ်မြို့များသို့ (၁၀) ရက်တာ လည်ပတ်ခဲ့ပြီးနောက် ဒီဇင်ဘာ (၁၇) ရက်နေ့တွင် တာချီလိတ်မှ ပြန်လည်ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

"တာချီလိတ်အဝင် မယ်ယန်းတိုးဂိတ်ကနေပြီးတော့ ရှမ်းရိုးမကွင်းအထိ အုပ်ချုပ်မှုယာဉ်ရော၊ ခရီးသည်တွေပါတဲ့ ယာဉ်တွေရော၊ စုစုပေါင်း (၄၅) စီးကို ပွိုင့်ကားတွေနဲ့ဆွဲပြီး ခေါ်လာပေးတယ်။ ပြီးတော့တံတားပေါ်မှာ ပိတ်ဆို့မှု ဖြစ်မှာစိုးတဲ့ အတွက် တံတားပေါ်ကို (၅) စီး တစ်သုတ်စီပို့ပြီးတော့မှ တစ်ဖက်ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ကူးလို့ရတဲ့အထိ ကူညီသွားမှာပါ။ တံတားပေါ်က ဟိုတယ်ခရီးအဖွဲ့တို့၊ လဝကအဖွဲ့တို့နဲ့ ချိတ်ဆက်ပေးမှာပါ"ဟု ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၏ တပ်ဖွဲ့စု(၁၄)တာချီလိတ်မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး စိုးနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရုတ်ခရီးသွားအဖွဲ့သည် လေးနိုင်ငံခရီးစဉ်အဖြစ် တရုတ်နိုင်ငံအတွင်း ကူမင်း၊ ကျင်းဟောင်၊ မိုဟန်၊ (လာအိုနိုင်ငံ) လောင်ဖန်ဘန်၊ လွိုင်၊ ထိုင်းနိုင်ငံအတွင်း ဖိတ်စနုလော့၊ တက်ခ်၊ မြန်မာနိုင်ငံအတွင်း ရန်ကုန်၊ နေပြည်တော်၊ ပုဂံ၊ မန္တလေး၊ နမ့်စန်၊ ကျိုင်းတုံ၊ တာချီလိတ်၊ ထိုင်းနိုင်ငံ အတွင်း ချင်းခုန်၊ လာအိုနိုင်ငံအတွင်း နမ်သာ၊ တရုတ်နိုင်ငံအတွင်း မိုဟန်၊ ကျင်းဟောင်မှတဆင့် ကူမင်းသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~