သိန္နီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားသိမ်းပိုက်စဉ် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများ လမ်းပြမှုဖြင့် ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းများကို မဟာမိတ်တပ်များသိမ်းဆည်းရရှိ

သိန္နီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားသိမ်းပိုက်စဉ် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများ လမ်းပြမှုဖြင့် ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းများကို မဟာမိတ်တပ်များသိမ်းဆည်းရရှိ
နိုဝင်ဘာ 27, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားသိမ်းပိုက်ရာ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများ၏လမ်းပြမှုဖြင့် ၄င်းတို့ ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းများကို ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၂၆)ရက်နေ့က သိမ်းဆည်းရရှိခဲ့ကြောင်း မဟာမိတ်တပ်များထံမှ သိရသည်။

ယမန့်နေက MNDAAနှင့် TNLAအဖွဲ့တို့သည် စစ်ကောင်စီတပ်များအထိုင်ချထားသည့် ကျေးသီးတံတားကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် သိန္နီမြို့နယ်တွင် စစ်ကောင်စီဘက်မှ ထွက်ပြေးတိမ်းရှောင်လာချိန် စစ်ကောင်စီတပ်သားများဝှက်ထားခဲ့သော လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

သိန္နီမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်း(၅၆၇)နှင့် (၅၆၈)စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ရာ ထွက်ပြေးလာသည့် စစ်ကောင်တပ်သားများ ဝှက်ထားခဲ့သော လက်နက်များအား ၎င်းတို့၏ လမ်းပြမှုဖြင့် ရှာဖွေတွေ့ရှိခဲ့ပြီး ရိုင်ဖယ် (၁၃)လက်၊ စက်သေနတ် (၁)လက်၊ ကျည်ဘောက် (၃၁)ခု၊ ကျည်ကာဦးထုပ် (၃)ခု၊ သေနတ်ပစ်ဗုံးသီး (၃)လုံးနှင့် ကျည်ဆံ (၂၀၀၀)တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

ရှမ်းပြည်နယ် သီပေါနှင့် ကျောက်မဲကြားရှိ ကျေးသီးတံတားရှေ့တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်စခန်း (၂)ခုကို နိုဝင်ဘာလ(၂၄)ရက်နေ့ကစတင် တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ (၂၆)ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီး ယင်းနေ့တွင်ပင် ကျင်စံကျော်နယ်စပ်ဂိတ်ပေါက်၏ တောင်ဘက်ခြမ်း လုံခမ်းတပ်စခန်းကိုလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၁၀၂၇ စစ်ဆင်ရေးကလအတွင်း  စစ်ကောင်စီ၏ တပ်စခန်းအကြီး၊ အသေးစုစုပေါင်း (၁၇၆)ခုကိုသိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency