(၂)နှစ်တာ ကာလအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ မြေယာကိစ္စနှင့် အုပ်ချုပ်ရေးမှူးများအမှု တိုင်ကြားမှု အများဆုံး ဖြစ်နေ

(၂)နှစ်တာ ကာလအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ မြေယာကိစ္စနှင့် အုပ်ချုပ်ရေးမှူးများအမှု တိုင်ကြားမှု အများဆုံး ဖြစ်နေ
ဒီဇင်ဘာ 9, 2019
By Tachileik News Agency
(၂)နှစ်တာ ကာလအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ မြေယာကိစ္စနှင့် 
အုပ်ချုပ်ရေးမှူးများအမှု တိုင်ကြားမှု အများဆုံး ဖြစ်နေ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ နှစ်နှစ်တာကာလအတွင်း တိုင်ကြားမှုအများစုမှာ မြေယာမှုများနှင့် အုပ်ချုပ်ရေးမှူးများကို တိုင်ကြားမှုများဖြစ်ပြီး တရားစီရင်ရေးအပိုင်းတွင် ရှေ့နေနှင့် တရားသူကြီးများ ငွေကြေးရယူမှုနှင့် ပတ်သက်၍ တိုင်ကြားမှုများ ရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ(၉) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မကွေးမြို့ရှိ မြို့တော်ခန်းမ၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့က ကျင်းပစဉ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တာဝန်ရှိသူက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ တာဝန်ယူတဲ့သက်တမ်းက (၂)နှစ်ပဲ ရှိပါသေးတယ်။ ၂၀၁၈ ခုနှစ်မှာ လူပေါင်း(၃၁)ဦး၊ ၂၀၁၉ ခုနှစ်မှာတော့ လူပေါင်း(၇၀)ကျော်ကို အမှုဖွင့်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တိုင်စာအများစုက မြေယာအမှုနဲ့ အုပ်ချုပ်ရေးမှူးတွေကို တိုင်တဲ့စာတွေဖြစ်ပြီး  ကျွန်မတို့နဲ့မဆိုင်လို့ အရေးယူလို့မရတာတွေက လာဘ်ပေးလာဘ်ယူမှုနဲ့ မသက်ဆိုင်တဲ့ မြေယာအမှုတွေပါ။ များသောအားဖြင့် အုပ်ချုပ်ရေးမှူးတွေကို တိုင်တဲ့စာတွေက ပြည်သူတွေ အထူးသဖြင့် ရွာသူရွာသားတွေ မသိနားမလည်တာကို အုပ်ချုပ်ရေးမှူးတစ်ချို့က လုပ်စားကြတာတွေအပေါ် အရေးယူရတာတွေ ပိုများပါတယ်။ ဥပဒေပိုင်းနဲ့ပတ်သက်လို့လည်း ရှေ့နေတွေ၊ တရားသူကြီးတွေ ငွေကြေးယူကြတာတွေကို အရေးယူရတာမျိုးတွေရှိပါတယ်”ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က ပြောသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ၎င်းတို့၏ ဆောင်ရွက်ချက်များအပေါ် ပြီးခဲ့သည့် သက်တမ်းထက် အားရကျေနပ်မှုရှိသည်ဆိုသော်လည်း   တိုင်ကြားသည့် တိုင်စာအရေအတွက်နှင့်စာလျှင် ဆောင်ရွက်ပေးနိုင်မှုက နည်းနေသည်ဟု ပြည်သူများက အမြင်ရှိနေကြကြောင်း သိရသည်။

“အဲဒီလို မြင်နေကြတာကလည်း  တိုင်စာအများစုက ကျွန်မတို့ကော်မရှင်နဲ့ မဆိုင်တဲ့ မြေယာမှုတွေကများနေတာ ကြောင့်ပါ။ မြေယာမှုဆိုပေမဲ့လည်း  လာဘ်ပေးလာဘ်ယူပါတဲ့ မြေယာအလွဲသုံးစားမှုတွေအပေါ်မှာတော့ အရေး ယူထားတာတွေရှိပါတယ်”ဟု ဒေါ်လဲ့လဲ့သွင်က ပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအား စတုတ္ထအကြိမ်မြောက်ပြင်ဆင်သည့် ဥပဒေတွင် နိုင်ငံတော်ဘတ်ဂျက်နှင့် ပတ်သက်၍ ကိုယ်ကျိုးရှာခြင်း၊ လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းများကို အရေးယူနိုင်မည်ဖြစ်ရာ မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး တံစိုးလက်ဆောင်ရယူခြင်း၊ လက်ခံခြင်းပြုမှ အဂတိ လိုက်စားမှု ကျူးလွန်ခြင်း မဟုတ်တော့ဘဲ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊ နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်း ၊ပိုင်ဆိုင်မှုများကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းများမှာလည်း အဂတိလိုက်စားမှုမြောက်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းတွင် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့၌ အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်းဖြစ်သည်။

အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ဖြစ်သည့် နှစ်စဉ် ဒီဇင်ဘာလ(၉)ရက်နေ့တွင် အခမ်းအနားများ ကျင်းပလာခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~