မင်္ဂလာဒုံတွင် စိတ်ကြွရူးသွပ်ဆေးပြားဖမ်းမိပြီးနောက် ကွင်းဆက်အမှု နှစ်ခုကို နှစ်ရက်အတွင်းဖေါ်ထုတ်ဖမ်းမိ

မင်္ဂလာဒုံတွင် စိတ်ကြွရူးသွပ်ဆေးပြားဖမ်းမိပြီးနောက် ကွင်းဆက်အမှု နှစ်ခုကို နှစ်ရက်အတွင်းဖေါ်ထုတ်ဖမ်းမိ
ဒီဇင်ဘာ 11, 2019
By Tachileik News Agency

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့က မူးယစ်ဆေး ဖမ်းဆီးရမိမှုမှဆက်စပ်၍ ဒီဇင်ဘာလ (၁၁)ရက်နေ့၌ ဒုတိယမြောက်ကွင်းဆက်အဖြစ် လှည်းကူးမြို့နယ်မှ စိတ်ကြွရူးသွပ်ဆေးပြား (၄ဝ၃၄၅)ပြားကို ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်၌ ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများ လာရောက်ပို့ဆောင်ပေးသည်ဟု သတင်းရသည့် လှည်းကူးမြို့နယ်၊ ဆားတလင်းရွာ (အနောက်ပိုင်း)ရှိ ဝေဖြိုးအောင်၏နေအိမ်အား ရဲတပ်ဖွဲ့က ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက် (၂)နာရီ (၁၀)မိနစ်တွင် ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၄ဝ၃၄၅) ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ (၁၀) ရက်နေ့ ညနေ (၄)နာရီအချိန်၌ မင်္ဂလာဒုံမြို့နယ်၊ ကြူစမ်းရွာမရပ်ကွက်၊ ရန်ကုန်-ပြည်သွားကားလမ်းပေါ်တွင် ဇင်မင်းထက်(ခ)အရှည်ကြီး မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား (၆၀၀) ပြားကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ဖမ်းဆီးရမိပြီးနောက်  စိတ်ကြွဆေးပြားရောင်းချသူဖြစ်သည့် မင်္ဂလာဒုံမြို့နယ်၊ ကာယရပ်ကွက်နေ စိုးမိုးနိုင်(ခ) စိုးမိုး၏နေအိမ်အား ဆက်လက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား (၁၂၄) ပြား၊ ဆေးခြောက်အလေးချိန် (၁၁ဝ) ဂရမ် တို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိထားသည့် ဇင်မင်းထက် (ခ) အရှည်ကြီး၊ စိုးမိုးနိုင် (ခ) စိုးမိုးနှင့် ဝေဖြိုးအောင်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~