လက်ရှိအခြေအနေအရ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စများရှိပါက အသင့်ရှိကြောင်း KIA သို့ ညီနောင်မဟာမိတ် သဝဏ်လွှာပို့

လက်ရှိအခြေအနေအရ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စများရှိပါက အသင့်ရှိကြောင်း KIA သို့ ညီနောင်မဟာမိတ် သဝဏ်လွှာပို့

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စများရှိပါက အသင့်ရှိကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)ကို ညီနောင်မဟာမိတ် (၃)ဖွဲ့က သဝဏ်လွှာပေးပို့သည်။

ယနေ့ ဖေဖော်ဝါရီလ(၅)ရက်တွင် ကျရောက်သည့် KIA ဖွဲ့စည်းခဲ့သော(၆၁)နှစ်ပြည့်‌တော်လှန်‌ရေးနေ့အတွက် ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်သည့် AA၊ TNLA၊ MNDAA တို့၏ သ၀ဏ်လွှာတွင် ယင်းသို့ ရေးသားပေးပို့ထားခြင်း ဖြစ်သည်။

မြောက်မဟာမိတ်(၄)ဖွဲ့ အချင်းချင်းကြား၌ ယခင်ကာလများက နိုင်ငံရေးပြဿနာများကို အတူတကွဖြေရှင်းခဲ့သည့်နည်းတူ အခြေအနေ၏ လိုအပ်ချက်အရ စစ်ရေး ကဏ္ဍကိုပါ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြသဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စများရှိပါက အသင့်ရှိသည်ဟု သဝဏ်လွှာပေးပို့လိုက်ခြင်းဖြစ်သည်။

 

ဒါ့အပြင် AA နှင့် TNLA တပ်ဖွဲ့တို့ကို KIA ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့၌ သန္ဓေတည်မွေးဖွားခွင့်‌ပေးသည့်အပြင် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများဖြင့် မိတ်ဖက်အဖွဲ့အစည်းအဖြစ် ရပ်တည်ပေးခဲ့သောကြောင့် ကချင်ပြည်သူလူထုနှင့် KIA အပေါ်   ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။

KIO ဥက္ကဌ  ဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း စစ်အာဏာရှင်စနစ်ကို "အမြစ်မှအစ အကိုင်းအခက် မကျန်" ချေမှုန်းနိုင်ရန် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ အားလုံး ပန်းတိုင်တစ်ခုအောက်တွင် အတူတကွ လုပ်ဆောင်ကြရန် ယနေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။ 

တိုင်းရင်းသား အားလုံး လက်တွဲညီညာစွာနဲ့ တိုက်ပွဲဝင်မှသာ (အာဏာရှင်စနစ်) ကို တိုက်ခိုက်ချေမှုန်းနိုင်မှာဖြစ်တယ်။ ဒါတောင် အစွမ်းကုန်ကြိုးစားရမှာပါ။ တစ်ဦးနဲ့တစ်ဦး အထင်မကြီး၊ မယုံသင်္ကာဖြစ်ရင် အဆုံးမှာ အရှက်တကွဲအကျိုးနည်းဖြစ်မှာကို စိုးရိမ်ရတယ်။  ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအားလုံး ပန်းတိုင်တစ်ခုအောက်မှာ 'အမြစ်ပြတ်' ချေမှုန်းသွားကြရအောင်လို့ တိုက်တွန်းလိုတယ်

ဟု ပြောကြားခဲ့သည်။

အာဏာရှင်စနစ်ကို တိုက်ခိုက်ချေမှုန်းနေသည့် အဖွဲ့အစည်းအားလုံး (နွေဦးတော်လှန်ရေးတွင်ပေါ်ပေါက်လာသည့် PDF၊ UG များကိုဆိုလိုသည်)အနေဖြင့်လည်း NUG အစိုးရနဲ့အတူ လက်တွဲပြီး လုပ်ဆောင်ဖို့လိုကြောင်း ပြောကြားသည်။