မိုင်းလင်းဆရာတော်၏ မွေးနေ့အလှူအဖြစ် တာချီလိတ် နှင့် ကျိုင်းတုံမှ ညမီးကျည် မီးပုံးပျံ(၄)လုံး မိုင်းလင်းသို့ သွားရောက် လွှတ်တင်မည်

မိုင်းလင်းဆရာတော်၏ မွေးနေ့အလှူအဖြစ် တာချီလိတ် နှင့် ကျိုင်းတုံမှ ညမီးကျည် မီးပုံးပျံ(၄)လုံး မိုင်းလင်းသို့ သွားရောက် လွှတ်တင်မည်
ဇန်နဝါရီ 6, 2020
By Tachileik News Agency

 မိုင်းလင်းဆရာတော်၏ မွေးနေ့အလှူအဖြစ် တာချီလိတ် နှင့် ကျိုင်းတုံမှ ညမီးကျည် မီးပုံးပျံ(၄)လုံး မိုင်းလင်းသို့ သွားရောက် လွှတ်တင်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် တာလေမြို့အပိုင်း မိုင်းလင်းတွင် မိုင်းလင်းဆရာတော်၏ ဝိဇာတမွေးနေ့အလှူအဖြစ် ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၈)ရက်နေ့ ညပိုင်းတွင် တာချီလိတ်နှင့်ကျိုင်းတုံမှ မီးပုံးပျံအဖွဲ့(၄)ဖွဲ့က မိုင်းလင်းသို့ သွားရောက်ကာ ညမီးကျည်လွှတ်တင်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ခုနှစ် ဇန်နဝါရီလ(၈)ရက်နေ့ ည(၈)နာရီက စ၍ ကျိုင်းတုံမြို့ နှင်းခဲမီး အဖွဲ့ အပါအဝင် တာချီလိတ်မြို့မှ ညောင်ညိုရိပ်မီးအဖွဲ့၊ ရှယ်ထောမီးအဖွဲ့ နှင့် ဆန်းပြားလူငယ်မီးအဖွဲ့တို့မှ ညမီးကျည် မီးပုံးပျံ(၄)လုံးကို လွှတ်တင်ကြမည်ဖြစ်၍ မည်သူမဆို သွားရောက် ကြည့်ရှုနိုင်မည့် ဖြစ်သည်။

"ကျွန်တော်တို့ မိုင်းလင်းဆရာတော် မွေးနေ့မှာ လွှတ်တင်တာက နှစ်စဉ်တော့ မဖြစ်ဘူး အဆင်ပြေတဲ့နှစ်လည်းရှိသလို  အဆင်မပြေတဲ့နှစ်လည်းရှိတာပေါ့၊ ကျွန်တော်တို့ လွှတ်လာတာကို တွက်မယ်ဆိုရင်တော့ (၆)နှစ်တော့ရှိပြီ၊ ကျွန်တော်တို့ ဆန်းပြားမီးကို မိုင်းလင်းဆရာတော် မွေးနေ့ရဲ့ ည(၈)နာရီမှာ လွှတ်တင်မှာပါ အားလုံးကို ဖိတ်ခေါ်ပါတယ်၊"ဟု တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် ဆန်းပြားလူငယ်မီးအဖွဲ့မှ ကိုရဲမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သက်တော်(၆၀)နှစ် ဝါတော်(၃၀)ရှိ အဂ္ဂမဟာဘုရာဇာခူး၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မိုင်းလင်းဆရာတော် ဘဒ္ဒန္တဝိမလ၏ ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် ဝိဇာတမွေးနေ့အလှူတော်ပွဲအား ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့ကစ၍ ဇန်နဝါရီလ(၈)ရက်နေ့အထိ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ မိုင်းလင်းရှိ ဂေါတမမြတ်စွာဘုရားကြီး ဓါတ်စွမ်စိုင့်ဟိုနမ့် ဝိပဿနာကမ္မဌာန်းကျောင်းတိုက်တွင် ကျင်းပနေခြင်း ဖြစ်သည်။

မိုင်းလင်းဆရာတော်၏ ဝိဇာတမွေးနေ့အလှူအဖြစ် ဆရာတော်၏ ကျောင်းတိုက်၌ ဇန်နဝါရီလ(၈)ရက်နေ့ နံနက်(၉)နာရီ အချိန်တွင် သာသနာအေးရိပ်ငြိမ်းမုခ်ဦးအား ထီးတော်တင်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်မည် ဖြစ်ပြီး ညပိုင်းတွင် ညမီးကျည်မီးပုံးပျံများ လွှတ်တင်မည်ဖြစ်သည်။

ဇန်နဝါရီလ(၉)ရက်နေ့ နံနက်(၄)နာရီ အချိန်တွင် ဘုရားအနေကဇာတင်ခြင်း၊ နံနက်(၉)နာရီအချိန်တွင် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ဟန်စိုးထိုက် ၊ အိုက်ညီး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~