အသုံးအနှုန်းအချို့ လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ရန် NLD လွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်သားကိုယ်စားလှယ် အပြိုင်အဆိုင်တင်သွင်း

အသုံးအနှုန်းအချို့ လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ရန် NLD လွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်သားကိုယ်စားလှယ် အပြိုင်အဆိုင်တင်သွင်း
နိုဝင်ဘာ 29, 2019
By Tachileik News Agency

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၂၈) ရက်နေ့ ဆွေးနွေးမှုအတွင်းမှ အသုံးအနှုန်းအချို့ကို မှတ်တမ်းမှ ပယ်ဖျက်ပေးရန် NLD လွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တို့ အပြိုင်အဆိုင်တင်သွင်းခဲ့ကြသည်။

"ဒီနေ့ဆွေးနွေးသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ဆွေးနွေးချက်များဟာ ယနေ့အစည်းအဝေးစတင်တဲ့ အချိန်မှာ နာယကကြီး လမ်းညွှန်ခဲ့တဲ့အချက်တွေနဲ့ တိုက်ရိုက်သွေဖယ်နေတာကို တွေ့ရပါတယ်။ နာယကကြီးရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့အတွက်ကြောင့် ဒီဟာတွေကို အလေးအနက် ကန့်ကွက်ပါကြောင်း တင်ပြအပ်ပါတယ်"ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်အစည်းအဝေးတွင် ကြားဖြတ်တင်သွင်းခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်းသည့် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ်လွှတ်တော်ကိုယ်စားလှယ်များက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၂၇) ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး  အဌမနေ့မှစ၍ ဆွေးနွေးရာတွင် တစ်ဖက်သားကို ထိခိုက်နစ်နာစေသည့် အသုံးအနှုန်းများ သုံးနှုန်း ဆွေးနွေးမှုများရှိခဲ့သဖြင့် အသုံးအနှုန်းအချို့ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်လိုက်ပြီး နိုဝင်ဘာလ (၂၈)ရက်နေ့  နဝမနေ့အစည်းအဝေး၌ သတိထားဆွေးနွေးကြရန် လွှတ်တော်နာယကက သတိပေးထားခဲ့ခြင်းဖြစ်သည်။

သို့သော် ဆွေးနွေးမှုများစတင်ချိန်တွင် ကိုယ်စားလှယ်များ၏ ဆွေးနွေးမှု အသုံးအနှုန်းများနှင့်ပတ်သက်၍ အပြန်အလှန် ကန့်ကွက်မှုများရှိခဲ့ခြင်း ဖြစ်သည်။

"ခုနက ကိုယ်စားလှယ်ဆွေးနွေးသွားတဲ့အထဲမှာ ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မြစ်ဖျားခံရာ ရေသောက်မြစ်ဖြစ်တဲ့ အမျိုးသားညီလာခံကို ညောင်နှစ်ပင်ညီလာခံဆိုပြီးတော့ တရားမဝင် အသုံးအနှုန်း သုံးနှုန်းသွားပါတယ်။ ဒီအသုံးအနှုန်းကို တရားဝင် ကန့်ကွက်ပါတယ်။ မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့ တောင်းဆိုပါတယ်"ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကြားဖြတ်ကန့်ကွက်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ နိုဝင်ဘာလ (၂၈) ရက်နေ့ အစည်းအဝေး၌ ဆွေးနွေးမှုအတွင်း သုံးနှုန်းပြောဆိုခဲ့ကြသည့် ကြန့်ကြာအောင်အချိန်ဆွဲဆောင်ရွက်၊ နှောင့်နှေးအောင်၊ မှေးမှိန်အောင်ပြုလုပ်နေသလားလို့ ဒွိဟဖြစ်စရာ၊ ဥပဒေကို လက်တလုံးခြား ဆောင်ရွက်သလို၊ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဗျူဟာချမှတ်ဆောင်ရွက်နေ၊ ညောင်နှစ်ပင်ညီလာခံ စသည့်စကားလုံးများကို ကန့်ကွက်ခဲ့ကြသဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမှုများပြီးဆုံးသွားပါက စကားလုံးများ ပြန်လည်ကောက်ယူပြီး ဥပဒေနှင့်မညီသည့် စကားလုံးများကို နယကကြီးကိုယ်တိုင် ပယ်ဖျက်နှုတ်ပယ်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

ဆက်စပ်သတင်း

 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~