ဖခင်ဘေးတွင် အိပ်ပျော်နေသည့် ကလေးငယ်အား ပွေ့ချီသွားကာ အဓမ္မကျင့်သတ်ဖြတ်သူ နှစ်ဦးကို (၃)လအကြာတွင် ဖမ်းမိ

ဖခင်ဘေးတွင် အိပ်ပျော်နေသည့် ကလေးငယ်အား ပွေ့ချီသွားကာ အဓမ္မကျင့်သတ်ဖြတ်သူ နှစ်ဦးကို (၃)လအကြာတွင် ဖမ်းမိ
နိုဝင်ဘာ 24, 2019
By Tachileik News Agency

ဖခင်ဘေးတွင် အိပ်ပျော်နေသည့် ကလေးငယ်အား ပွေ့ချီသွားကာ အဓမ္မကျင့်သတ်ဖြတ်သူ နှစ်ဦးကို (၃)လအကြာတွင် ဖမ်းမိ

ရန်ကုန်မြို့ လမ်းဘေးပလက်ဖောင်းတွင် မိသားစုနှင့်အတူ အိပ်ပျော်နေသည့် အသက်(၈)နှစ်အရွယ် ကလေးငယ်ကို ခေါ်သွားပြီး အဓမ္မကျင့်ကာ သတ်ဖြတ်ခဲ့သည့် အမျိုးသားနှစ်ဦးကို (၃)လအကြာတွင် မွန်ပြည်နယ်၌ ဖမ်းဆီးရမိကြောင်း သိရသည်။

ကလေးငယ်အသတ်ခံရမှုဖြင့် အလိုရှိနေသူ(၂)ဦးကို မွန်ပြည်နယ်နှင့် ရန်ကုန်မြို့တို့မှ နိုဝင်ဘာလ (၂၀)ရက်နှင့် (၂၁)ရက်နေ့များ၌ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်၏ အလောင်းကို ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူမီးရထားရပ်ကွက်၊ သိမ်ဖြူ ခုံးတံတားအောက်၊ ရထားသံလမ်းဘေးတွင် မြွေရေခွံအိတ်ဖြင့် ထည့်လျှက် လောက်အနည်းငယ် တက်နေသည်ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၁)ရက်နေ့ နံနက် (၇)နာရီခွဲဝန်းကျင်၌ တွေ့ခဲ့ရခြင်းဖြစ်သည်။

ကလေးအလောင်းတွေ့ရသည့်နေရာကို မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ကလေးငယ်အလောင်းတွင်  ဖူးရောင် ဒဏ်ရာများတွေ့ရပြီး အဝတ် အစားများမပါဘဲဖြစ်နေသည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ကလေးငယ်မှာ အောင်ဆန်း အားကစားကွင်းအနီးတွင် ပျံကျနေထိုင်သူဖြစ်ကြောင်း သိရပြီး အနီးဝန်းကျင်မှ ရရှိသည့် CCTV မှတ်တမ်းအရ ဖခင်ဖြစ်သူအနီးတွင် အိပ်ပျော်နေသည့် ကလေးငယ်အား အမျိုးသားတစ်ဦးက ပွေ့ချီခေါ်ယူသွားသည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။

ကလေးငယ်အသတ်ခံရမှုကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းတွင် (ပ)၆၀၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး အခြားပြည်နယ်နှင့်တိုင်းရဲတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကလေးငယ်အား သတ်ခဲ့သူ  စိုင်းဖုန်းကျော်(ခ) ပြည့်ဖြိုးပိုင်(ခ) သရဲ(ခ) ဖင်ကြီးမ မွန်ပြည်နယ် ရဲတပ်ဖွဲ့၊ ကျိုက္ခမီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ကျိုက္ခမီမြို့၊ အောင်သုခ ရပ်ကွက်၊ ကျားဆိပ်မြောက်(၁)လမ်းတွင် နိုဝင်ဘာလ (၂၀)ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးရမိသူ စိုင်းဖုန်းကျော်(ခ) ပြည့်ဖြိုးပိုင်(ခ)သရဲ(ခ)ဖင်ကြီးမ၏ ထွက်ဆိုချက်အရ ၎င်းသည် သြဂုတ်လ (၁၉)ရက်နေ့ ည (၁၁)နာရီခွဲဝန်းကျင်တွင် ရန်ကုန်ဘူတာကြီးရှေ့၊ အောင်ဆန်းအားကစားကွင်း၊ "ရွှေ" ကားဂိတ်ရှေ့ရှိ ကွပ်ပစ်ပေါ်တွင် ဖခင်ဖြစ်သူနှင့်အတူ အိပ်နေသည့် အသက်(၈)နှစ်အရွယ် ကလေးငယ်အား ပွေ့ချီကာ သိမ်ဖြူခုံးတံတားအောက်သို့ သယ်ဆောင်ပြီး ထွန်းထွန်းဦး(ခ)ရှမ်းလေးနှင့်အတူ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း သိရသည်။

အော်ဟစ်နေသည့် ကလေးငယ်ကို လက်၊ ခဲတို့ဖြင့် ထိုးကြိတ်ထုရိုက်ကာ မုဒိမ်းကျင့်ပြီးနောက် သေဆုံးသွားသည့်ကလေးငယ်ကို ဆာလာအိတ်အတွင်းထည့်ကာ သံလမ်းအနီးတွင် ချထားခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။

ကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်သူတစ်ဦးဖြစ်သည့် ထွန်းထွန်းဦး (ခ)ရှမ်းလေးကို နိုဝင်ဘာလ (၂၁)ရက်နေ့ နေ့လယ် (၁)နာရီအချိန်တွင် ရန်ကုန်ဘူတာကြီးရှေ့၊ ပန်းဆိုးတန်းခုံးတံတားအောက်မှ ဖမ်းဆီးရမိထားကြောင်းသိရသည်။

ဖမ်းဆီးရမိထားသည့် စိုင်းဖုန်းကျော်(ခ) ပြည့်ဖြိုးပိုင်(ခ)သရဲ(ခ)ဖင်ကြီးမနှင့် ထွန်းထွန်းဦး (ခ)ရှမ်းလေးတို့ကို အမြန်ဆုံး တရားစွဲဆိုတင်ပို့နိုင်ရေး ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net