တာချီလိတ်မြို့တွင် အမျိုးသမီး တစ်ဦးကို လည်ပင်း ဓါးထောက်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်ကာ ဆိုင်ကယ် နှင့် ဖုန်း လုယူမှု ဖြစ်ပွားခဲ့

တာချီလိတ်မြို့တွင် အမျိုးသမီး တစ်ဦးကို လည်ပင်း ဓါးထောက်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်ကာ ဆိုင်ကယ် နှင့် ဖုန်း လုယူမှု ဖြစ်ပွားခဲ့

တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦးအား အမျိုးသား(၃)ဦး အဖွဲ့မှ လည်ပင်းကို ဓါးဖြင့်ထောက်ပြီး ဆိုင်ကယ် လုယူမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း အရှေ့မြို့ပတ်လမ်းအနီးရှိ Dream X Ktv သွားလမ်းဘေးတွင် ဆိုင်ကယ်ရပ်ပြီး အစ်မဖြစ်သူကို စောင့်နေသည့် အမျိုးသမီး တစ်ဦးကို  အမျိုးသား(၃)ဦး အဖွဲ့ထဲက လည်ပင်းကို ဓါးဖြင့် ထောက်ပြီး ဆိုင်ကယ် နှင့် ဖုန်း လုယူသွားမှု ၂၀၂၂ခုနှစ် ဇွန်လ(၅)ရက်နေ့ ညနေ (၃)နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ဇွန်လ(၇)ရက်နေ့ ည(၇)နာရီမထိုးမီအချိန်က ဖမ်းမိကြောင်း သိရသည်။

ဓါးထောက်ပြီး ဆိုင်ကယ် နှင့် ဖုန်း ခြိမ်းခြောက် လုယက်သူများမှာ မိုးကိုဦး၊ ချမ်းမြေ့အောင်(ခ)ဂျင်းကောင် နှင့် စံဖတို့ (၃)ဦး ဖြစ်ပြီး​ ၎င်းတို့ကို တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး နှင့် မနီးမဝေးရှိ  မယ်ဆိုင်ချောင်းဘေး၌ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။



၎င်းတို့အား ဖမ်းဆီးရမိချိန်၌ လုယက်ရာတွင် အသုံးပြုသည့် ဓါးတစ်ချောင်း အပြင် ၎င်းတို့ ယူဆောင်သွားသည့် Wave-i-110 အပြာရောင် ဆိုင်ကယ် နှင့်  Vivo အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း (၁)လုံး တို့ကို တွေ့ရှိကြောင်း သိရသည်။

ယင်းအပြင် အမျိုးသား(၃)ဦး အနက် မိုးကိုဦး ဝတ်ဆင်ထားသည့် ဘောင်းဘီ၏ အိတ်ကတ်အတွင်းထဲက​ Wy စာတန်းပါသည့် လိမ္မော်ရောင် စိတ်ကြွဆေးပြား အပြား (၄၀)ကိုလည်း တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

အသက်အန္တရာယ်ခြိမ်းခြောက် လုယက်သည့် အမျိုးသား(၃)ဦးကို  ဖမ်းဆီးထားပြီး တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၈၄/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ- ၃၉၂/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီး နောက်ပိုင်း ခိုးဆိုးလုယက်မှုများမှာ နေ့စဉ် နေ့ပိုင်းများအချိန်အထိ ဖြစ်ပွားနေသော်လည်း ကျူးလွန်သူများကို ယခုလို ဖမ်းဆီးရမိသည်မှာ  ရှားရှားပါးပါးပင်ဖြစ်သည်။