ရှမ်းအရှေ့ဂုဏ်ဆောင် လွိုင်မွေ ချယ်ရီတွေကို ကာကွယ်ပါ

ရှမ်းအရှေ့ဂုဏ်ဆောင် လွိုင်မွေ ချယ်ရီတွေကို ကာကွယ်ပါ
 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ ခရီးသွားများကို စွဲဆောင်ရာနေရာများအနက် ပင်လယ် ရေမျက်နှာပြင်၏ ပေငါးထောင်ကျော် အထက်တွင် တည်ရှိသည့် လွိုင်မွေမြို့၏ ချယ်ရီပန်းများ ပွင့်သည့် ကာလသည် ခရီးသွားများအားစွဲဆောင်မှုအရှိဆုံးအချိန်ဖြစ်သည်။

လွိုင်မွေ၏ ချယ်ရီပွင့်ချိန်သည် ရာသီဥတုပေါ်မူတည်ပြီး အစောဆုံး ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်း ဖူးပွင့်လေ့ရှိခြင်း ဖြစ်သည်။ ချယ်ရီဖူးပွင့်ချိန်တွင် နိုင်ငံခြားသားများ၊ ရပ်နီးရပ်ဝေးမှ လာရောက်လည်ပတ်သူ အမှတ်တရ ဓာတ်ပုံရိုက်သူများဖြင့် စည်ကားနေလေ့ရှိရာ ချယ်ရီပန်းများ ပွင့်သည့် ကာလသည် လွိုင်မွေမြို့၏ အစည်ကားဆုံး ကာလတစ်ခုလိုပင်ဖြစ်ပေသည်။

လွိုင်မွေမြို့၏ အလှကို ပုံဖော်ပေးသည့် ချယ်ရီပန်းများ၏ အလှကို ကြည့်ရန်အတွက် သီးခြားရောက်ရှိလာတတ်သည့် နိုင်ငံခြားသားခရီးသွားများကြောင့် နိုင်ငံ့ဝင်ငွေလည်း တိုးစေခဲ့သလို၊ လွိုင်မွေမြို့ပေါ်ရှိ ဒေသသီးနှံကို အခြေပြုပြီး ထုတ်လုပ်ရောင်းချသည့် စားသောက်ကုန်များလည်း အရောင်းသွက်သည့် ကာလတစ်ခုပင် ဖြစ်လေသည်။

သို့သော်လည်း နောက်ပိုင်း ကာလများတွင် လွိုင်မွေမြို့၏ ချယ်ရီပန်းများကို လာရောက် လည်ပတ်သူများက ခူးယူခြင်း၊ ချယ်ရီပင်၏ ကိုင်းများကို ခုတ်ယူသွားခြင်း၊ ချိုးဖဲ့သွားခြင်းများကြောင့် ချယ်ရီပန်းများ၏ သဘာဝအလှများမှာ ခဏတာ ဖြစ်ခဲ့ရပြီး၊ ချယ်ရီမြို့၏ အမည်ဂုဏ်ပုဒ်ကို မှေးမှိန်သွားစေပါသည်။

"ချယ်ရီပန်းဟာ ချယ်ရီပင်မှာ ရှိနေတာက အကောင်းဆုံး နဲ့ အလှဆုံးပါ၊ အဲ့လို ခူးသွားတာ၊ ခုတ်သွားတာတို့က ဘာပြန်လုပ်မှာလဲ၊ ကြာကြာလည်း မခံပါဘူး။ အပင်စိုက်ချင်ရင် ပျိုးပင်ရောင်းတာတွေ ရှိပါတယ်။ အဲ့လိုတော့ မလုပ်သင့်ပါဘူး၊ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်က ကျွန်မတို့ လွိုင်မွေကို သွားတာ ဟိုရောက်တော့ ချယ်ရီပန်းတွေ သိပ်မကျန်တော့ဘူး၊ ဘေးက လူတွေကို မေးကြည့်တော့ လာလည်တဲ့လူတွေ ချိုးဖဲ့ ခုတ်ယူသွားကြတာတဲ့"

ဟု တောင်ကြီးမြို့မှ လွိုင်မွေသို့ တကူးတက သွားရောက်လည်ပတ်သည့် မနန်းဟွမ်ခမ်းက ဆိုသည်။

နှစ်စဉ်ဆောင်းရာသီတိုင်း ဖူးပွင့်လေ့ရှိသည့် လွိုင်မွေဒေသ ချယ်ရီမြေမှာ ချယ်ရီပင်တွေ၊ ချယ်ရီပန်းတွေ ခုတ်ယူ ခူးဆွတ်သူတွေကို တားဆီးနိုင်ရန် တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်မည့် အချိန်အခါကို ဒေသခံများကလည်း မျှော်ကိုးနေလျှက်ရှိလေသည်။

"ရာသီအလိုက် သဘာဝအလှတွေနဲ့ ပတ်သက်ရင်တော့ ထိုင်းနိုင်ငံကတော့ ဘယ်လို ဝင်ငွေရအောင် လုပ်မလဲ ဆိုတာနဲ့ သစ်ပင်ပန်းမန်တွေကို ဘယ်လို ရှင်သန်အောင် လုပ်မလဲဆိုတာတွေကို တွေးတော ကြံဆကြပြီး လှပအောင် ပြုလုပ်လေ့ရှိကြသလို ကျွန်တော်တို့ ကျိုင်းတုံခရိုင်အနေနဲ့ လွိုင်မွေ ချယ်ရီမြေ ရှင်သန်ရေး နဲ့ ထိန်းသိမ်းရေးအတွက် စီမံချက်တွေ လုပ်ရင် ကောင်းမှာပဲ၊ တကယ်ဆို ချယ်ရီပွင့်ချိန် ကာလက (၂)လလောက်ပါပဲ အလွန်ဆုံး ဖေဖော်ဝါရီလအထိပေါ့၊ တာဝန်ရှိသူများ အနေဖြင့် ဆောင်ရွက်နိုင်မယ်ဆိုရင် လွိုင်မွေ ချယ်ရီပွင့်ချိန်တိုင်း လာရောက်သူ ပိုမိုများပြားလာနိုင်မှာပါ"

ဟု ကျိုင်းတုံ ဒေသခံ စိုင်းဟုမ်ဖက ပြောသည်။

ချယ်ရီပန်းများ ဖူးပွင့်ချိန် လွိုင်မွေမြို့သို့ သွားသည့် ကားလမ်း၏ အချို့လမ်းဘေးများတွင် လွိုင်မွေမြို့မှ ခူးယူလာသည့် ချယ်ရီပန်းများကို စွန့်ပစ်ထားကြသည်ကိုလည်း ရံဖန်ရံခါတွေ့ရတတ်လေသည်။

( ချယ်ရီပင်အား ခုတ်ယူသယ်ဆောင်သွားပုံ ) 

ကိုလိုနီခေတ်တုန်းကတော့ ပြင်ဦးလွင်မြို့ရဲ့အလှအပကို ဖြည့်ဆည်းပေးတဲ့ ချယ်ရီပန်းတွေကို မခူးဖို့ ဥပဒေနဲ့ တားမြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါက လုပ်သင့်တဲ့အလုပ်လို့ ကျွန်မတော့ ယူဆပါတယ်။ အခုတော့ ဥပဒေမရှိတော့ ခူးကြ ခုတ်ကြတော့တာပေါ့။ ဒီမှာလည်း ချယ်ရီတွေပွင့်လို့ သိပ်လှတဲ့ရှုခင်းကို မြင်ချင် ကြည့်ချင်လို့ တကူးတက လာကြတဲ့သူတွေမှာ အကိုင်းအခက်တွေ ခုတ်ယူထားခံရတဲ့ ဒုက္ခိတလို ချယ်ရီပင်တွေ မြင်ရတာတော့ ဝမ်းနည်းစရာပါ။ အဲဒီထက် ဝမ်းနည်းမိတာက လှပတဲ့ သဘာဝတရားဟာ အများပိုင်ပါ။ ဒါကို ဖျက်ဆီးတာဟာ ရှက်စရာလို့ မယူဆသလို အဲဒီလိုလုပ်နေတာကို တားမြစ်ရမယ်ဆိုတဲ့ အတွေးမျိုး မရှိကြတာကိုပါပဲ။ ဒီတော့ ဒေသအာဏာပိုင်တွေအနေနဲ့ ဒါတွေကို သတိပေး တားမြစ်တာ လုပ်လာရင်တော့ ပန်းချိုးမယ့်လူတွေလည်း တဖြည်းဖြည်း လျော့သွားပြီး ကိုယ့်ကြောင့် သူတပါး မထိခိုက်စေအောင် သတိထားတတ်တဲ့ အလေ့အကျင့်ကောင်းကိုလည်း မွေးမြူပေးရာရောက်မယ်လို့ မြင်ပါတယ်”

ဟု လွိုင်မွေမြို့သို့ ရန်ကုန်မှ အလည်လာရောက်သူတစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ လွိုင်မွေမြို့မှ ချယ်ရီပန်းများအား ခုတ်ယူခြင်း၊ ခူးယူခြင်းများကို တားဆီးပေးနိုင်ရန် တာဝန်ရှိသူများဖက်မှ လုပ်ဆောင်ရန် လိုအပ်နေဆဲဖြစ်သည်။

"ချယ်ရီပန်းဆိုတာက ပန်းအိုးထဲမှာ ရေထည့်ပြီး အလှထားရတဲ့ သဘောမဟုတ်ဘူး၊ အပင်မှာ ရှိနေတော့ သူ့ရဲ့ပင်စည်တွေနဲ့ လိုက်ဖက်ပြီး အလှက ပိုပေါ်တာ၊ ဒါကို တော်တော်များများက လာကြည့်ကြတာ။ အဲဒီလို လာကြည့်သူတွေထဲက တချို့နဲ့ ပြန်လည်ရောင်းချလိုသူ တချို့တွေရဲ့ လက်ချက်ကြောင့် ချယ်ရီပန်းတွေ အချိန်မတိုင်မီ ပျက်စီးခဲ့ရတာပါ"

ဟု ပန်းအလှပညာရှင် အမျိုးသမီး တစ်ဦးကလည်း ဆိုသည်။

ရှမ်းပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၏ အလှဂုဏ်ကို ဖော်ဆောင်နေသည့် ဒေသတွင်း ခရီးသွားများကို စွဲဆောင်နိုင်သည့် လွိုင်မွေမြို့၏ ချယ်ရီသဘာဝအလှများကို တာဝန်ရှိသူများနှင့် ဒေသခံများ အတူလက်တွဲ တားဆီးပေးမည်ဆိုပါက လှပသည့်လွိုင်မွေအဖြစ် ကျော်ကြားလာမည်ဟု ယူဆမိပေသည်။

 

[ မှတ်ချက်။ ။ ဖော်ပြပါ ပုံများမှာ ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က ပုံများ ဖြစ်ပါသည်။ ]

Ko Zaung is the editor-in-chief of Tachileik News Agency.