ရေနံလုပ်ကွက်များမှ ဖွံ့ဖြိုးရေးရန်ပုံငွေ (၂၆) ဒဿမ (၅၅၇) ဘီလီယံကို (၄)နှစ်တာ ကာလအတွင်း ရရှိထား

ရေနံလုပ်ကွက်များမှ ဖွံ့ဖြိုးရေးရန်ပုံငွေ (၂၆) ဒဿမ (၅၅၇) ဘီလီယံကို (၄)နှစ်တာ ကာလအတွင်း ရရှိထား
သြဂုတ် 2, 2020
By Tachileik News Agency

ရေနံလုပ်ကွက်များမှ ဖွံ့ဖြိုးရေးရန်ပုံငွေ (၂၆) ဒဿမ (၅၅၇) ဘီလီယံကို (၄)နှစ်တာ ကာလအတွင်း ရရှိထား

မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ရေနံလုပ်ကွက်များမှ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့မှစ၍ ၂၀၂၀ ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့အထိ ငွေကျပ် (၂၆) ဒဿမ (၅၅၇) ဘီလီယံရရှိထားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ရေနံလက်ယက်တွင်းတိမ်လုပ်ကွက်များကို စိစစ်ခွင့်ပြုကာ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေအခွန်ကောက်ခံနေသော်လည်း တရားမဝင် လုပ်ကွက်များကို ထိန်းသိမ်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

တရားမဝင် မှောင်ခိုထုတ်နေတဲ့ချက်ဖိုတွေလည်းရှိတယ်။ တွင်းတွေလည်းရှိတယ်။ လိုက်ဖမ်းပေမဲ့ ဖမ်း လို့မလွယ်ဘူး။ အရင်အစိုးရလက်ထက်က ရဲတပ်ရင်(၂) ရင်းနဲ့သွားဖမ်းတာကိုပဲ ရန်ပြုလို့ ထွက်ပြေးလာရ တယ်။ ကျွန်တော်တို့ အခွန်အတုတ်ကောက်တယ်ဆိုတာသည် ရေနံကို ချက်ဖိုရှိတဲ့နေရာတွေဆီသွားချက်ရတယ်။ အဲဒီကိုသွားတဲ့အခါ Transport Pass ပေးရတယ်။ မျှောစာပေးရတယ်။ အဲဒီအတွက် အခွန်အတုတ်ကောက်တာ။ ရှေ့က အစိုးရကလည်းကောက်ခဲ့တယ်။ကျွန်တော်တို့တက်လာတော့လည်းပဲ တိုင်းဒေသကြီး ဥပဒေချုပ်ကို ဒီလိုမျိုးကောက်လို့ရသလား။ သေချာစိစစ်ဦး ဆိုတော့ တရားဝင်ရပ်တည်နေတဲ့ လက် ယက်တွင်းတွေကနေ ကောက်ခွင့်ရှိတယ်ဆိုလို့ ကျွန်တော်တို့ကောက်ခဲ့တာဖြစ်တယ်

ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

ယင်းကဲ့သို့ ချလံစာထုတ်ပေးရန်အတွက် ရေနံထုတ်လုပ်သည့် လုပ်ကွက်သည် တရားဝင်လုပ်ကွက်ဖြစ်ရန်လိုပြီး သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ညီညွှတ်ကြောင်း စိစစ်ခြင်းများ လုပ်ဆောင်သည်ဟု သိရသည်။

တင်လာတဲ့မျှောတွေမှာ တရားဝင်လုပ်ကွက်ရတဲ့လုပ်ငန်းရှင်ရဲ့ ကိုယ်စားလှယ်ပါမှ ၊ နောက် မြို့နယ်မှာ ကုန်သွယ်လုပ်ငန်းခွန်ဆောင်ခဲ့ပြီးပြီလား။ အမြတ်ခွန်ဆောင်ပြီးပြီလား စသဖြင့် စိစစ်ပြီး မြို့နယ်အုပ်ချုပ်ရေး မှူးရဲ့ထောက်ခံချက်လည်း ပါမှ ချလံထုတ်ပေးပါတယ်

ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်ကဆိုသည်။

မကွေးတိုင်းအတွင်း ၂၀၂၀ ခုနှစ်၊ သြဂုတ်လဆန်းပိုင်းအထိ ယခင်အစိုးရလက်ထက်ကတည်းက လုပ်ငန်းလုပ်ခဲ့သည့် သက်တမ်းတိုးလုပ်ကွက်(၁၂)ကွက်၊ ပြည်ထောင်စုက ထပ်မံချထားပေးသည့်လုပ်ကွက်(၃)ကွက်၊ စုစုပေါင်း ရေနံလက်ယက်တွင်းတိမ်လုပ်ကွက်(၁၅)ကွက်ရှိနေကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနံလုပ်ကွက်များမှနေ၍ တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ဂါလံ(၅၀)ပါ ရေနံ တစ်စည်လျှင် ကျပ်(၃၀၀၀)နှုန်းဖြင့် Transport Pass ကောက်ခံခြင်းကို ယခင်နှစ်ပေါင်းများစွာကတည်းက ဆောင်ရွက်လာခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှစ၍ ကျပ် (၅၀၀၀)သို့ ပြောင်းလဲကောက်ခံနေခြင်းဖြစ်သည်။

ရေနံလုပ်ကွက်များမှ ဖွံ့ဖြိုးရေးရန်ပုံငွေကောက်ခံခြင်းကို ယခင်ကတည်းက ဆောင်ရွက်လာခြင်းဖြစ်ရာ ၂၀၁၆ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အာဏာလွဲှယူခဲ့စဉ်က ယခင် တိုင်း အစိုးရထံမှ ရရှိရမည့်  ရေနံလုပ်ကွက်များမှ ကောက်ယူထားသည့် တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ကျပ်ငွေသန်းပေါင်း(၇၀၀၀) ကျော် ပျောက်ဆုံးနေခဲ့ကြောင်း စိစစ်တွေ့ရှိ၍ ပြန်လည်ရရှိရန် ဆောင်ရွက်နိုင်ခဲ့သဖြင့် ကျပ်သန်းပေါင်း (၃၀၀၀) ကျော် ပြန်လည်ရရှိထားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~