ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သင်္ကြန်မဏ္ဍပ်များ အပါအဝင် အစိုးရနှင့် ပုဂ္ဂလိက၏ လူစုလူဝေး အခမ်းအနား နှင့် ပွဲများကျင်းပခြင်း မပြုလုပ်ရန် ဆုံးဖြတ်

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သင်္ကြန်မဏ္ဍပ်များ အပါအဝင် အစိုးရနှင့် ပုဂ္ဂလိက၏ လူစုလူဝေး အခမ်းအနား နှင့် ပွဲများကျင်းပခြင်း မပြုလုပ်ရန် ဆုံးဖြတ်
မတ် 12, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သင်္ကြန်မဏ္ဍပ်များ အပါအဝင် အစိုးရနှင့် ပုဂ္ဂလိက၏ လူစုလူဝေး အခမ်းအနား နှင့် ပွဲများကျင်းပခြင်း မပြုလုပ်ရန် ဆုံးဖြတ်

ကိုရိုနာဗိုင်းရပ်စ်( COVID - 19)ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာလိုက်ပြီဖြစ်၍ မြန်မာနိုင်ငံတွင် သင်္ကြန်ပွဲ အပါအဝင် အစိုးရနှင့် ပုဂ္ဂလိကအနေဖြင့် လူစုလူဝေးဖြင့် အခမ်းအနားများ ကျင်းပခြင်းမပြုလုပ်ရန်  ၂၀၂၀ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့၌ ကျင်းပသည့် ပြည်ထောင်စုအဆင့် အစည်းအဝေး၌ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အခုချိန်ထိတော့ တရားဝင် ညွှန်ကြားချက် မရောက်လာသေးပေမဲ့ ကျွန်တော်တို့ သိသလောက်တော့ လူစုလူဝေးတွေ မလုပ်ရတော့ဘူး။ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေမလုပ်ဖို့ ကျွန်တော်တို့ အစိုးရအဖွဲ့တွေ အားလုံးကိုလည်း  လမ်းညွှန်တာပေါ့။ တစ်နိုင်ငံလုံးကို ညွှန်ကြားတာပေါ့။ ညွှန်ကြားတော့ ကျွန်တော်တို့လည်း အဲဒီအတိုင်းပဲ ဆောင်ရွက်ရမှာပါ။ လောလောဆယ်မှာတော့ သင်္ကြန်ပွဲတွေဘာတွေ လုပ်ဖို့ကလည်း အဲဒီညွှန်ကြားချက်လာရင် ညွှန်ကြားချက်ထဲအတိုင်းပဲ မလုပ်ဖို့ပေါ့နော်။ ဒါတွေကတော့ လူစုလူဝေးတွေ တတ်နိုင်သမျှ နည်းအောင်ပေါ့။ COVID 19 ကူးစက်ရတဲ့အကြောင်းရင်းကလည်း လူစုလူဝေးကနေ ကူးစက်တာဖြစ်လို့ ကျန်းမာရေးရှုထောင့်ကနေ နိုင်ငံတော်ကနေ တရားဝင် ညွှန်ကြားတာဖြစ်တဲ့အတွက် လိုက်နာရမှာပါ။ အစိုးရအနေနဲ့ကလည်း လူထုတွေ့ဆုံပွဲတို့လို လူစုလူဝေးတွေ လုပ်တော့မှာ မဟုတ်ပါဘူး။ ဌာနဆိုင်ရာတွေကတော့ သူတို့လုပ်ငန်းတွေ ပုံမှန်လည်ပတ်မှာပါ။ အဓိကကတော့ လူထုနဲ့ လူစုလူဝေးတွေ မလုပ်တော့တာမျိုးပါ။ ဒါက တစ်ကမ္ဘာလုံးနဲ့အညီ ကျွန်တော်တို့လည်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်လာပါပြီ

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ (၁၂)ရက်နေ့တွင် ပြောသည်။

2019 Novel Coronavirus (COVID-19) ကြောင့် ဖြစ်ပွားသောအဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ အရေးပေါ်အစည်းအဝေးတစ်ခုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွင် မတ်လ (၁၂)ရက်နေ့က ကျင်းပခဲ့သည့်အစည်းအဝေးတွင် ယင်းကဲ့သို့ ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးသိရတဲ့ သတင်းအရ ပြည်ထောင်စုက ဒီနေ့လုပ်တဲ့အစည်းအဝေးမှာ မည်သည့်ပွဲလမ်းသဘင်ကိုမှ ကျင်းပခွင့်မပြုဘူး။ သင်္ကြန်ပွဲမှာဆိုလည်း မဏ္ဍပ်တွေအားလုံး ကျင်းပခွင့်မပြုဘူး။ အားလုံးရပ်ဆိုင်းရမယ်လို့ ညွှန်ကြားချက်ရှိတယ်။ နိုင်ငံခြားက ဝင်လာတဲ့ဧည့်သည်အားလုံးကိုလည်း (၁၄) ရက် Quartine (သီးခြားစောင့်ကြည့်ခြင်း)  လုပ်မယ်။ ရပ်ထဲရွာထဲမှာ ဆိုရင်လည်း နာရေးကိစ္စ၊ ဈာပနကိစ္စကလွဲလို့ ဘာမှ လူစုလူဝေးမလုပ်ရဘူး။ အစိုးရကိုယ်တိုင် ဦးစီးကျင်းပတဲ့ အခမ်းအနားတွေမှာလည်း လူစုလူဝေးမလုပ်ရဘူး။ ဘာအခမ်းအနားမှ မပြုရဘူးဆိုတဲ့ ညွှန်ကြားချက်ရှိပါတယ်

ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက မတ်လ (၁၂)ရက်နေ့တွင် ပြောသည်။

အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ မတ်လ (၁၃)ရက်နေ့မှစ၍ ဧပြီလကုန်အထိ ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေးလုပ်ငန်းများအား ဖိဖိစီးစီးတင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားရန်နှင့်  အများပြည်သူကို ကျန်းမာရေးအသိ၊ သတိဖြင့် နေထိုင်ကြရေး ပညာပေးပန်ကြားဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လူမှုကွန်ယက်မှတစ်ဆင့် သတင်းမီဒီယာသမားများသို့ အသိပေးထုတ်ပြန်ချက်တွင် အတည်ပြုပြောကြားထားသည်။

ဒီရောဂါ တကယ်ဖြစ်လာရင် ကျွန်တော်တို့အတွက် တကယ်ပဲ အန္တရာယ်ကြီးပါတယ်။ ဒါလေး လိုက်နာလိုက်ရင် ဘာပဲပြောပြော ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာ အသက်ရှင်နေထိုင်ဖို့အတွက် လိုအပ်တဲ့ အစီအမံဖြစ်တယ်လို့ပဲ ကျွန်တော် လက်ခံယုံကြည်ပါတယ်။ တစ်ကမ္ဘာလုံးကလည်း ဒီလိုပဲ လိုက်နာဆောင်ရွက်ကြတာပဲ ဖြစ်ပါတယ်

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ပြောသည်။

ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀)ကျော်တွင် ကူးစက်ပျံ့နှံ့နေပြီဖြစ်၍ COVID 19 (ကိုရိုနာဗိုင်းရပ်စ်)ကို ကမ္ဘာ့ကပ်ရောဂါ အဖြစ် WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့)က မတ်လ (၁၁)ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး ကမာ္ဘ့ နိုင်ငံအားလုံး ရောဂါကာကွယ်ရေး အားစိုက်လုပ်ဆောင်ရန် တိုက်တွန်းထားခြင်းဖြစ်သည်။

ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာချက်ကြောင့် မြန်မာနိုင်ငံတွင်လည်း လူစည်ကားသည့် ပွဲလမ်းသဘင်၊ လူစုလူဝေး အခမ်းအနား၊ အစည်းအဝေးများ၊ သင်္ကြန်မဏ္ဍပ်ကြီးများနှင့် ရုပ်ရှင်ရုံများအပါအဝင် မကျင်းပရန် မတ်လ (၁၂)ရက်နေ့၌ ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးအစည်းအဝေးတွင် ဆုံးဖြတ်ထားကာ ဆက်စပ်ဖြစ်ပေါ်လာမည့် စီးပွားရေး၊ လူမှုရေးပြဿနာများ ကိုင်တွယ်ဖြေရှင်းရေး နည်းလမ်းများကိုလည်း ဆွေးနွေးထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~