တာချီလိတ်မြို့မှတဆင့် မယ်ဆိုင်ချောင်းဖြတ်ကူးပြီး ထိုင်းနိုင်ငံသို့ တရားမဝင်ပို့ဆောင်နေသည့် ပွဲစားများကို ဖော်ထုတ်အရေးယူမည်

တာချီလိတ်မြို့မှတဆင့် မယ်ဆိုင်ချောင်းဖြတ်ကူးပြီး ထိုင်းနိုင်ငံသို့ တရားမဝင်ပို့ဆောင်နေသည့် ပွဲစားများကို ဖော်ထုတ်အရေးယူမည်
ဇူလိုင် 2, 2020
By 🌸
တာချီလိတ်မြို့မှတဆင့် မယ်ဆိုင်ချောင်းဖြတ်ကူးပြီး ထိုင်းနိုင်ငံသို့ တရားမဝင်ပို့ဆောင်နေသည့် ပွဲစားများကို ဖော်ထုတ်အရေးယူမည်

မြန်မာ - ထိုင်း နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့မှတစ်ဆင့် မယ်ဆိုင်ချောင်းကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံဘက်သို့ တရားမဝင်ဖြတ်ကူးလိုသူများကို ပို့ဆောင်ပေးနေသည့် ပွဲစားများကို သက်ဆိုင်ရာက စုံစမ်းနေကာ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း  သိရသည်။

"တရားမဝင်နယ်စပ်ဖြတ်သန်းမှုတွေရှိလာရင် ကျွန်တော်တို့နိုင်ငံဥပဒေအရ အရေးယူပါမယ်။ လက်ရှိပွဲစားတွေကတဆင့် ပို့ဆောင်နေတယ်လို့သတင်းကြားတဲ့အတွက် ဖော်ထုတ်နေပါတယ်။ တည်ဆဲဥပဒေတွေအရ အရေးယူသွားပါမယ်"

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နယ်စပ်ဝင်ထွက်ပေါက်များကို ပိတ်ထားစဉ်ကာလအတွင်း တာချီလိတ်မြို့မှတဆင့် ထိုင်းနိုင်ငံသို့ ကျောင်းတက်ရန်၊ ဆေးကုသရန်နှင့် အခြားကိစ္စရပ်များအတွက် သွားရောက်လိုပါက မယ်ဆိုင်ချောင်းမှတဆင့် ပို့ဆောင်ပေးမည်ဟု လိုက်လံပြောဆိုစည်းရုံးနေသည့် ပွဲစားများရှိနေကြောင်း သတင်းရရှိထားသဖြင့် လိုက်လံစုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။

"ပြည်သူတွေအနေနဲ့ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်စေချင်တာက ပွဲစားတွေရှိနေတယ်လို့ သတင်းရထားတယ်။ ပွဲစားတွေက ဘယ်လောက်ပေး၊ ချောင်းကူးပေးမယ်ဆိုပြီး ဆက်သွယ်လာလို့ရှိရင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျွန်တော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေကို သတင်းပေးတိုင်တန်းပေးဖို့။ ဖုန်းနံပတ်ကတဆင့်ဆက်သွယ်ပြီး ကျွန်တော်တို့ သွားရောက်ဖမ်းဆီး အရေးယူမှာဖြစ်ပါတယ်။ အခုလည်း ထိုင်းဘက်ကနေ ချောင်းဖြတ်ကူးလို့ဆိုပြီးတော့ ဖမ်းပြီးတော့ ကျွန်တော်တို့ဆီပြန်ပို့တဲ့သူတွေရှိတယ်။ အဲဒီလူတွေကနေတဆင့် သူတို့ကိုကူးပေးတဲ့ ပွဲစားတွေကို လိုက်ပြီးစုံစမ်းနေပါတယ်"

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID 19 ထိန်းချုပ်နိုင်ရေးအတွက် တာချီလိတ် - မယ်ဆိုင်ကြား ဝင်ထွက်သွားလာမှုကို မတ်လ (၂၃)ရက်နေ့ကတည်းက ပိတ်ထားခဲ့ပြီးနောက် နယ်စပ်ချောင်းမှတစ်ဆင့် မယ်ဆိုင်ဘက် ခိုးဝင်နေသူများအား မယ်ဆိုင်ဘက်တွင် ဖမ်းဆီးထိန်းသိမ်းပြီး တာချီလိတ်ဘက်သို့ ပြန်လွှဲပေးနေခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် နှစ်နိုင်ငံနယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းတစ်လျှောက် နေရာ (၈) နေရာတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ လှည့်ကင်း၊ ပတ်ကင်းများဖြင့်ဆောင်ရွက်နေကြောင်း သိရသည်။ 
  
Tachileik News Agency   
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~