မူဆယ် - ရွှေလီနယ်စပ်ဂိတ်ကို အချိန်တိုးဖွင့်ပေးရန်နှင့် တရုတ်ယာဉ်မောင်းများကို မြန်မာဘက် ဝင်ရောက်ခွင့်ပြုရန် တရုတ်တောင်းဆို

မူဆယ် - ရွှေလီနယ်စပ်ဂိတ်ကို အချိန်တိုးဖွင့်ပေးရန်နှင့် တရုတ်ယာဉ်မောင်းများကို မြန်မာဘက် ဝင်ရောက်ခွင့်ပြုရန် တရုတ်တောင်းဆို
ဇွန် 9, 2020
By Tachileik News Agency

မူဆယ် - ရွှေလီနယ်စပ်ဂိတ်ကို အချိန်တိုးဖွင့်ပေးရန်နှင့် တရုတ်ယာဉ်မောင်းများကို မြန်မာဘက် ဝင်ရောက်ခွင့်ပြုရန် တရုတ်တောင်းဆို

မြန်မာ - တရုတ်နယ်စပ် မူဆယ် - ရွှေလီနယ်စပ်ဂိတ်ကို ည (၁၀)နာရီအထိ တိုးမြှင့်ဖွင့်လှစ်ရန်နှင့်  တရုတ်နိုင်ငံသား ယာဉ်မောင်းများကို ကျန်းမာရေးထောက်ခံချက်ဖြင့် မြန်မာဘက် ဝင်ရောက်ခွင့်ပြုရန် တရုတ်ဘက်က ၂၀၂၀ ခုနှစ်၊ ဇွန်လ (၈)ရက်နေ့က တောင်းဆိုထားကြောင်း သိရသည်။

လက်ရှိတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်နယ်စပ်ဂိတ်များမှနေ၍ ဝင်ထွက်သွားလာခြင်းအား ပိတ်ထားသည့်အပြင် တရုတ်ဘက်သို့ ကုန်စည်တင်ပို့ရာတွင် မြန်မာနိုင်ငံသား ယာဉ်မောင်းများ ဝင်ရောက်ခွင့်မပေးဘဲ တရုတ်ယာဉ်မောင်းများက လွှဲပြောင်းမောင်းနှင်သည့်စနစ်ဖြင့် မြန်မာဘက်မှ ကုန်စည်တင်ပို့နေရခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ၍ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကူးသန်း ရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးစဉ် တရုတ်သံအမတ်ကြီးက ယင်းကဲ့သို့ တောင်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်နိုင်ငံမှ ကုန်စည်ကန့်သတ် စစ်ဆေးမှုများကြောင့် ယာဉ်ကြောများပိတ်ဆို့၍ ကုန်စည်စီးဆင်းမှုတွင် နှောင့်နှေးကြန့်ကြာနေ၍ ညှိနှိုင်းဆောင်ရွက်ပေးရန်၊  ရေထွက်ကုန်ပစ္စည်းနှင့် သစ်သီးဝလံများ အရည်အသွေးစစ်ဆေးခြင်းကို အမြန်ဆုံး ဆောင်ရွက်ပေးရန်၊ ယူနန်ပြည်နယ်သို့ မြန်မာနိုင်ငံမှ ပြောင်းစေ့တင်ပို့ခွင့်ရရန်၊ ဝဥ၊ လျှော်ဖြူ၊ ထောပတ်သီးစသည့် ပို့ကုန်အမယ်သစ်များအား တရုတ်နိုင်ငံဘက်သို့ တင်ပို့ရာတွင် စိစစ်ဆောင်ရွက်မှုများကို ဖြေလျှော့ပေးရန်၊ နယ်စပ်ကုန်သွယ်မှုတွင် နှစ်ဖက်ကုန်သည်များကြား ငွေပေးချေမှုဆောင်ရွက်ရာ၌ အခက်အခဲများ ကြုံတွေ့နေရခြင်းအား နှစ်ဖက်ညှိနှိုင်းဆောင်ရွက်နိုင်ရန်၊ မူဆယ် နယ်စပ်ကုန်သွယ်ရေးတွင် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေးအတွက် လမ်းပိုင်းချဲ့ထွင်ရာတွင် ကူညီဆောင်ရွက်ပေးရန်၊ ပုံမှန်ကုန်သွယ်မှုအပြင် နယ်စပ်နေပြည်သူများအကြား နယ်စပ်ထွက်ကုန်များ အပြန်အလှန်လဲလှယ်မှုများကိုလည်း အဆင်ပြေအောင် ဆောင်ရွက်ပေးရန်နှင့် နှစ်နိုင်ငံနယ်စပ်ကုန်စည်ပြပွဲများ အပြန်အလှန်ပုံမှန်ကျင်းပနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တရုတ်ဘက်သို့ ဆွေးနွေးကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai က ပြန်လည်ဆွေးနွေးရာတွင် ကုန်သွယ်မှုဆိုင်ရာ ကိန်းဂဏန်းများအရ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မှုပမာဏမှာ ၁ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့သည်ဟု ထည့်သွင်းဆွေးနွေးသွားပြီး မူဆယ် (၁၀၅)မိုင်မှ ရွှေလီအထိ ကုန်သွယ်ရေးလမ်းကြောင်းတွင် ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးအတွက် ကုန်စည်များမပါရှိဘဲ ရပ်နားထားသည့်ယာဉ်များအား ရှင်းလင်းပြီး ကုန်တင်ယာဉ်များကို ဦးစားပေးရန်၊ ရွှေလီ-မူဆယ်ဂိတ်ကို ည (၁၀) နာရီအထိ ဖွင့်လှစ်ပေးရန်၊ မန်းမန်-နွမ်းရင်နယ်စပ်ဂိတ်တွင် ကုန်စည်များစစ်ဆေးရန်အတွက် အဆောက်အဦဆောက်လုပ်ရန်၊ နယ်စပ်ဂိတ်များတွင် တရုတ်နိုင်ငံမှ ယာဉ်မောင်းများအား ကျန်းမာရေးထောက်ခံစာ (Health Certificate) ပြသနိုင်ပါက မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့် ပြုရန်၊ ကုန်သွယ်မှုမြှင့်တင်နိုင်ရန်အတွက် မူဆယ်-မန္တလေး ရထားလမ်းကို  အမြန်ဆုံးတည်ဆောက်နိုင်ရန်နှင့် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်နိုင်ရေးတို့ကို တင်ပြဆွေးနွေးသွားကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~