ကျိုင်းတုံမြို့တွင် Mask မတပ်ပဲ အပြင်ထွက်သူများအား Mask (၁၀)ခု ဝယ်ယူစေသည့် ဒဏ်ပေးစနစ်ဖြင့် အရေးယူခြင်းကို မေလ(၁၄)ရက်နေ့ စမည်

ကျိုင်းတုံမြို့တွင် Mask မတပ်ပဲ အပြင်ထွက်သူများအား Mask (၁၀)ခု ဝယ်ယူစေသည့် ဒဏ်ပေးစနစ်ဖြင့် အရေးယူခြင်းကို မေလ(၁၄)ရက်နေ့ စမည်
မေ 12, 2020
By Tachileik News Agency
ကျိုင်းတုံမြို့တွင် Mask မတပ်ပဲ အပြင်ထွက်သူများအား Mask (၁၀)ခု ဝယ်ယူစေသည့် ဒဏ်ပေးစနစ်ဖြင့် အရေးယူခြင်းကို မေလ(၁၄)ရက်နေ့ စမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်း အပြင်ထွက်သွားလာရာတွင် Mask တပ်ဆင်ခြင်း မပြုပါက maks(10)ခု ဝယ်ယူစေသည့် ဒဏ်ပေး အရေးယူခြင်းကို မေလ (၁၄) ရက်နေ့မှစ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် (COVID 19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီက မေလ (၁၂) ရက်နေ့၌ ထုတ်ပြန်ထားသည်။

ပြီးခဲ့တဲ့ စနေနေ့ (မေလ ၉ ရက်နေ့) ကတည်း အခြေအနေကြည့်တော့ လိုက်နာသူ အားနည်းတာကို တွေ့ရတယ်။ ဒါကြောင့် လေးနက်စေအောင် ဒဏ်ပေးတယ်ဆိုတဲ့စနစ်ကို လုပ်တာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အများပြည်သူအနေနဲ့ ကိုယ့်အတွက်လည်း ဖြစ်တယ်၊ တခြားသူတွေအတွက်လည်းဖြစ်တယ်။ Mask တပ်စေချင်ပါတယ်။ ဒါကတော့ အမိန့်ထုတ်တာလည်းမဟုတ်ဘူး ပြည်သူကို ပန်ကြားချက်အနေနဲ့ ထုတ်တာပါ

ဟု ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့နယ်အတွင်း မေလ (၁၄)ရက်နေ့မှစ၍ Mask မတပ်ဘဲ သွားလာခြင်းကိုတွေ့ပါက Mask (၁၀) ခုဝယ်ယူကာ (၉)ခုကို မြို့နယ် COVID 19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီသို့ လှူဒါန်းရမည်ဖြစ်ကာ ယင်းကဲ့သို့ဒဏ်ပေးခြင်းအား ငြင်းဆိုပါက တည်ဆဲဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

တစ်ချို့လည်း Mask ဝယ်ရတာ အခက်အခဲဖြစ်တယ်ဆိုတဲ့သူတွေလည်း ရှိပါလိမ့်မယ်။ သူတို့အနေနဲ့ ခဏခဏ ဝယ်ဖို့ အခက်အခဲဖြစ်ရင် ပြန်လျှော်လို့ရတဲ့ အဝတ် Mask ဖြစ်ဖြစ် တပ်စေချင်ပါတယ်။ နောက် ကျွန်တော်တို့လည်း တတ်နိုင်သလောက်တော့ မျှဝေတာတွေရှိပါတယ်။ ကျွန်တော်တို့ ရည်ရွယ်တာကတော့ မဖြစ်မနေ အပြင်ထွက်ရရင်တော့ Mask တပ်စေချင်တယ်။ ဖြစ်နိုင်ရင်တော့ အိမ်မှာပဲနေစေချင်ပါတယ်

ဟု ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID 19 ကူးစက်ခံရခြင်းမရှိစေရန် အပြင်ထွက်သွားလာပါက Mask တပ်ဆင်ရေးကို ကျိုင်းတုံမြို့ပေါ်အပြင် ဆက်စပ်နေသည့် ကျေးရွာအုပ်စုများ၊ လူအသွားအလာများသည့် နေရာများတွင် Mask တပ်ဆင်ရေးကို အသိပညာပေးများကို ဆောင်ရွက်နေပြီး မေလ (၁၀) ရက်နေ့မှ မေလ (၁၃) ရက်နေ့အထိကို ပညာပေးကာလ သတ်မှတ်လုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - Covid-19 Prevention Volunteers group – KengTung , ကျိုင်းတုံ စည်ပင်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~