သြစတေးလျ၊ ကနေဒါ၊ ဗြိတိန်သံရုံးတို့မှ သံတမန် (၄) ဦးနှင့် တာချီလိတ်ခရိုင်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ

သြစတေးလျ၊ ကနေဒါ၊ ဗြိတိန်သံရုံးတို့မှ သံတမန် (၄) ဦးနှင့် တာချီလိတ်ခရိုင်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ
ဒီဇင်ဘာ 5, 2019
By 🌸
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လာရောက်လည်ပတ်ကြသည့် သြစတြေးလျ၊ ကနေဒါနှင့် ဗြိတိန်နိုင်ငံသားများအတွက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျနိုင်ငံသံရုံး၊ ကနေဒါသံရုံးနှင့် ဗြိတိန်သံရုံးတို့မှ သံတမန် (၄) ဦးသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့ နံနက် (၉)နာရီ၌ တာချီလိတ်ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးသည်။
"နယ်စပ်ထွက်ပေါက်ဖြစ်တဲ့အတွက် နိုင်ငံခြားသားတွေ ဝင်ထွက်ကြတဲ့အခါကြတော့ သူတို့နိုင်ငံသားတွေပါသလား။ ဘာအခက်အခဲတွေရှိသလဲ။ မှုခင်းကိစ္စတွေနဲ့ အခြားကိစ္စတွေ ဆောင်ရွက်ပေးရတာရှိသလား။ သူတို့နိုင်ငံသံရုံးတွေဘက်က ကူညီဆောင်ရွက်ပေးရမယ့်ကိစ္စတွေရှိသလားဆိုတာ လာဆွေးနွေးတာ။ ဒီဒေသကို မရောက်ဘူးတော့ နိုင်ငံခြားဝင်ထွက်ပေါက်ကို လာကြည့်တဲ့သဘော။ သူတို့နိုင်ငံသားတွေအတွက် ဘာလုပ်ပေးရမလဲ။ ဒေသအာဏာပိုင်တွေက ဘာတွေကူညီဆောင်ရွက်ပေးနေလဲဆိုတာ လာကြည့်တဲ့သဘော"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သြစတေးလျသံရုံး ပထမအတွင်းဝန် Mr.Krishan PRATHPAN ဦးဆောင်သည့် သံတမန်အဖွဲ့နှင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းနိုင်၊ တာချီလိတ်မြို့နယ်ခေတ္တအုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်းနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ 
အဆိုပါသံတမန်အဖွဲ့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၃) ရက်တွင် လေကြောင်းခရီးဖြင့် တာချီလိတ်သို့ ရောက်ရှိခဲ့ပြီး တာချီလိတ်ခရိုင်ဆေးရုံကြီးနှင့် မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၁) တံတားမှ နိုင်ငံခြားသားများ ဝင်၊ ထွက်မှုကို သွားရောက်လေ့လာခဲ့ပြီး ဒီဇင်ဘာ (၄) ရက်တွင် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံဆွေးနွေးပြီး လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း၊ဓါတ်ပုံ - ဟန်စိုးထိုက်
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~