ဇနီးဖြစ်သူကို ဓါးဖြင့်ထိုး၍ ဖမ်းဆီးခံရသူထံမှ စိတ်ကြွဆေး (၃)ကီလို ဖေါ်ထုတ်ဖမ်းဆီးရမိ

ဇနီးဖြစ်သူကို ဓါးဖြင့်ထိုး၍ ဖမ်းဆီးခံရသူထံမှ စိတ်ကြွဆေး (၃)ကီလို ဖေါ်ထုတ်ဖမ်းဆီးရမိ
နိုဝင်ဘာ 18, 2019
By 🌸


ဇနီးဖြစ်သူကို ဓါးဖြင့်ထိုး၍ ဖမ်းဆီးခံရသူထံမှ စိတ်ကြွဆေး (၃)ကီလို ဖေါ်ထုတ်ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ကျစီးရွာတွင် ဇနီးဖြစ်သူကို ဓါးဖြင့်ထိုးသူအား ဖမ်းဆီးစစ်ဆေးရာမှ တောင်ယာတွင် ဝှက်ထားသည့် စိတ်ကြွဆေးမှုန့် (၃)ကီလိုကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ဖေါ်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။

ကျစီးရွာမှ လင်းဘို (ခ) ကျဟဲသည် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ဇနီးဖြစ်သူအား ဓါးဖြင့် (၅)ချက်ထိုး၍ ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်ပြီး ၎င်းအားစစ်ဆေးရာမှ တောင်ယာတွင် စိတ်ကြွဆေးမှုန့်များ မြုပ်ထားကြောင်း ဖေါ်ထုတ်သိရှိရခြင်းဖြစ်သည်ဟု သိရသည်။

မူးယစ်တပ်ဖွဲ့စုနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က နိုဝင်ဘာလ (၁၇) ရက်နေ့တွင် သွားရောက်စစ်ဆေးရာ တောင်ယာစပါးခင်းအတွင်း မြေကျင်းတူး၍ မြုပ်ထားသည့် စိတ်ကြွဆေးပြား (၃)ကီလိုခန့်အား တူးဖေါ်တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

လင်းဘို (ခ) ကျဟဲမှာ ဇနီးဖြစ်သူအား ဓါးဖြင့်ထိုးသဖြင့် နိုဝင်ဘာလ (၁၅)ရက်နေ့၌ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၆၃၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်စစ်ဆေးခံနေရခြင်းဖြစ်ပြီး မူးယစ်ဆေးများ ထပ်မံစစ်ဆေးတွေ့ရှိရသဖြင့် နိုဝင်ဘာလ (၁၇)ရက်နေ့တွင် မယ(ပ) ၁၄၄/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် ထပ်မံအမှုဖွင့်ခံထားရခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ -ရဲတပ်ဖွဲ့

ဆက်စပ်သတင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net