တာချီလိတ်မြို့တွင် ရေစီးသန်နေသည့် မယ်ခေါင်ချောင်းအတွင်း ဘောလုံးဆင်းကောက်သည့် လူငယ်တစ်ဦး ပျောက်နေ၍ ရှာဖွေ

တာချီလိတ်မြို့တွင် ရေစီးသန်နေသည့် မယ်ခေါင်ချောင်းအတွင်း ဘောလုံးဆင်းကောက်သည့် လူငယ်တစ်ဦး ပျောက်နေ၍ ရှာဖွေ
နိုဝင်ဘာ 3, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်အတွင်းရှိ ရေစီးသန်နေသည့် မယ်ခေါင်ချောင်းထဲသို့ ညနေ(၅)နာရီခွဲဝန်းကျင်အချိန်က ဘောလုံးဆင်းကောက်သည့် လူငယ်တစ်ဦး ပျောက်နေ၍ ယနေ့ ည(၁၀)နာရီကျော်အထိ မီးသတ်တပ်ဖွဲ့၏ ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေသော်လည်း မတွေ့ရှိသေး၍ နက်ဖြန်တွင် ဆက်လက်ရှာဖွေမည်ဖြစ်ကြောင်း သိရသည်။

ပျောက်နေသည့် အသက်(၁၇)နှစ်ဝန်းကျင်ရှိ မောင်ဟေဇကိ

ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့ ညနေ(၅)နာရီခွဲဝန်းကျင်အချိန်က ဦးကျဖ + ဒေါ်စီဘလု(ဓမ္မပညာသင်ဆရာမ)၏ သားဖြစ်သူ အသက်(၁၇)နှစ်ဝန်းကျင်ရှိ မောင်ဟေဇကိဆိုသည်သူ ရေစီးသန်နေသည့် မယ်ခေါင်ချောင်းအတွင်းသို့ ဘောလုံးဆင်းကောက်ရာမှ ပျောက်သွားသည့်အတွက် တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့ နှင့် အရန်မီးသတ်တပ်ဖွဲ့တို့ အပါအဝင် တိုင်းရင်းသားနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ  စုပေါင်းရှာဖွေနေသော်လည်း ည(၁၀)ကျော်အချိန်အထိ တွေ့ရှိရခြင်း မရှိသေးကြောင်း သိရသည်။



"သူ့အဖေလည်း နေမကောင်းဖြစ်နေတော့၊ ရေထဲဆင်းလို့မရဘူးဖြစ်နေတယ်။ အခုနက ဘုရားကျောင်းက လူတွေရော မီးသတ်ရော လိုက်ရှာကြတယ်။ နောက်ဆုံးတော့ ချောင်းဘေးမှာ ဖိနပ်တွေ့တယ်ပြောတယ်။ နက်ဖြန်မှ ဆက်ရှာမယ်တဲ့"ဟု နီးစပ်သူ တစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၃)ရက်နေ့ ည(၁၁)နာရီခွဲတွင် ပြောသည်။

သဲလွန်စအနေဖြင့် ချောင်းဘေးတွင် မောင်ဟေဇကိ၏ ဖိနပ် ာ ကျန်ရစ်နေသည်ကို တွေ့ရှိထားသည့်အတွက် ယနေ့ ညပိုင်းတွင် မှောင်လည်းမှောင်နေသလို ရေစီးလည်း သန်နေသည့်အတွက် နိုဝင်ဘာလ(၄)ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက်ရှာဖွေမည်ဖြစ်ကြောင်း သိရသည်။ 



မယ်ခေါင်ချောင်းမှာ ပုံမှန်အားဖြင့် ရေတည်ငြိမ်နေသော်လည်း ယခုရက်ပိုင်းအတွင်းက မိုးရွာသွန်းပြီး တောင်ကျရေများကြောင့် ရေစီးသန်နေရခြင်းဖြစ်သည်။

မယ်ခေါင်ချောင်းရေသည် ရွှေဝါနဒီပန်းခြံကို ဖြတ်သန်းကာ မယ်ဆိုင်ချောင်းသို့ စီးဆင်းသည်။