တာချီလိတ် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)ရှိ သစ်ပင်ခြောက်နှစ်ပင်ကို ထိုင်းနိုင်ငံအကူအညီဖြင့် ရှင်းလင်းမည်

တာချီလိတ် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)ရှိ သစ်ပင်ခြောက်နှစ်ပင်ကို ထိုင်းနိုင်ငံအကူအညီဖြင့် ရှင်းလင်းမည်
နိုဝင်ဘာ 17, 2019
By 🌸

တာချီလိတ် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)ရှိ သစ်ပင်ခြောက်နှစ်ပင်ကို ထိုင်းနိုင်ငံအကူအညီဖြင့် ရှင်းလင်းမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)တွင် ခြောက်သွေ့ နေသည့် ကုက္ကိုပင်ကြီး (၂) ပင်ကို ခုတ်ထွင်ရှင်းလင်းရန်အတွက် ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်သို့ အကူအညီတောင်းထားပြီး ခုတ်ထွင်ရှင်းလင်းခကို မီးလင်းရေးကော်မတီကကျခံမည်ဟု သိရသည်။

ကုက္ကိုလ်ပင်နှစ်ပင် ခုတ်ထွင်ရှင်းလင်းရေးအတွက် တာချီလိတ်ဘက်မှ သက်ဆိုင်ရာဌာနများဖြစ်ကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့တို့ကလည်း ကူညီဆောင်ရွက်ပေးသွားကြမည်ဟု သိရသည်။

"ယိုးဒယား PEA ကို အကူအညီတောင်းတော့ သူတို့က တနင်္ဂနွေပဲနားတော့ အဲဒီရက် လာခုတ်ပေးမှာပေါ့။ နောက်တစ်ပတ် တနင်္ဂနွေဖြစ်မယ်ထင်တယ်။ သူတို့ဘက်က ကုန်ကျစရိတ်တွေလည်း မတင်သေးဘူး။ သူတို့ကားတွေဝင်ဖို့ကလည်း မြို့နယ်ကို တင်ပေးရမှာ။ ခုတ်မယ်ဆိုရင် သူတို့က (၄) ရက်ကြိုပြီး ကျွန်တော်တို့ကို အကြောင်းကြားမှာပါ"ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီမှ ဦးစိုင်းခမ်းမွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံဘက်မှ ကရိန်းကားများအပါအဝင် သစ်ပင်ခုတ်မည့်အဖွဲ့ တာချီလိတ်ဘက် လာရောက်နိုင်ရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်နေပြီး သစ်ပင်ခုတ်နေချိန်တွင် လျှပ်စစ်မီးဖြတ်တောက်ရန်နှင့် ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်မည့်အချိန်တို့ကို နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကုက္ကိုပင်များဖယ်ရှားရှင်းလင်းမှုအတွက် ကုန်ကျစရိတ်ကို တာချီလိတ်မြို့ မီးလင်းရေးကော်မတီက ကျခံမည်ဖြစ်ကာ မီးသတ်တပ်ဖွဲ့ဝင်များက ခုတ်ထွင်ပြီးသစ်ကိုင်းများ ကူညီဖြတ်တောက်ခြင်းနှင့် သစ်ကိုင်းများ ဖယ်ရှားခြင်းတို့ကို တာချီလိတ်မြို့စည်ပင်သာယာရေးဌာနတို့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို မြို့မီးလင်းရေးကော်မတီက ဝယ်ယူပြီး တစ်ဆင့်ပြန်လည် ရောင်းချဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး ချစ်ကြည်ရေးတံတား (၁)မှ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းချိန်တွင် လျှပ်စစ်မီးကြိုးများ မထိခိုက်စေရေးနှင့် အန္တရာယ်ကင်းစေရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net