ဖာပွန်ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ဓါတ်ပုံ - NUG ( မဟာမိတ်ပူးပေါင်းအဖွဲ့ သိမ်းပိုက်လိုက်သည့် ဖာပွန် စစ်ကောင်စီတပ် အမှတ် ၁၉ ခြေလျင်တပ်ရင်း)
ဓါတ်ပုံ - NUG ( မဟာမိတ်ပူးပေါင်းအဖွဲ့ သိမ်းပိုက်လိုက်သည့် ဖာပွန် စစ်ကောင်စီတပ် အမှတ် ၁၉ ခြေလျင်တပ်ရင်း)
ဖာပွန်ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းဖြစ်သည့် ခမရ ၄၃၄ တပ်ရင်းအပါအဝင် ဖာပွန်ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဖာပွန်စစ်ဆင်ရေးဖြင့် ၂၀၂၄ ခုနှစ် ဧပြီလ (၂၆)ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ခမရ ၄၃၄ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ Force For Federal Democracy (FFD) နှင့် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA)တို့ပါဝင်သည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဖာပွန်စစ်ဆင်ရေးဖြင့် ဧပြီလ  (၂၅)ရက်နေ့တွင်  သိမ်းပိုက်ရရှိခဲ့ကြောင်း KNLA တပ်မဟာ ၅၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)တို့က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။

တောင်ပိုင်းစစ်ဒေသ (JOC)၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့် လုပ်ဆောင်သည့် ဖာပွန်စစ်ဆင်ရေးဖြင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့သည် ဧပြီလ (၂၆)ရက်နေ့၌  ဖာပွန်မြို့ရှိ စစ်ကောင်စီ၏ ရဲစခန်းနှင့် ကင်းစခန်းများကို ဆက်လက်သိမ်းပိုက် ထိန်းချုပ်ထားပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလ (၂၆)ရက်နေ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့၏ ဖာပွန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအမြောက်အများကို သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်က လေကြောင်းကပါ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။