လောင်းရှည်မြို့နယ်အတွင်း ဒေသကာကွယ်ရေးအဖွဲ့၏ လက်လုပ် တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်၍ ပြည်သူတစ်ဦး ထိခိုက်သေဆုံး

လောင်းရှည်မြို့နယ်အတွင်း ဒေသကာကွယ်ရေးအဖွဲ့၏ လက်လုပ် တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်၍ ပြည်သူတစ်ဦး ထိခိုက်သေဆုံး
ဖေဖော်ဝါရီ 5, 2022 | အခြားဒေသများ

 မကွေးတိုင်း၊ လောင်းရှည်မြို့၊ ရဲကုန်းစခန်းနှင့် မီးသတ်ကုန်းတို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များအား ယမန်‌နေ့ ဖေဖော်ဝါရီလ(၄)ရက်၏ နံနက်ပိုင်းက လက်လုပ် တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ အနီးကပ်တိုက်ခိုက်ခဲ့ကြောင်း လောင်းရှည် PDF က ယနေ့ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် သတင်း ထုတ်ပြန်လာသည်။

LSRPDF နှင့်အတူ YDF(Saw/Kyaukhtu) ပူးပေါင်းမဟာမိတ်အဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဖက်က လက်နက်ကြီး၊ စက်‌သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ရာ တိုက်ပွဲနှစ်နာရီခန့်အကြာ ပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် LSRPDF နှင့် YDF(Saw/Kyaukhtu)မှ ရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ ဆုပ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများ သေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်က မဆင်မခြင် ရမ်းကားပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ(၁)ဦး သေဆုံးခဲ့ရပြီး (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သေဆုံးထိခိုက်ဒဏ်ရာ ရရှိသွားကြရသူများအား မိသားစုများနှင့်ထပ်တူ စိတ်မကောင်းဖြစ်ရပြီး မမျှော်လင့်ဘဲ ဆုံးရှုံးရမှုများအတွက် အနူးအညွတ်အလေးအနက်ထားကာ တောင်းပန်အပ်ကြောင်း ထုတ်ပြန်ထားသည်။

နှစ်ဖက်တိုက်ခိုက်မှုများ ပြီးဆုံးသွားသော်လည်း ကပစ (၂၅) မှ စစ်ကူလာသော အင်အားခန့်မှန်းခြေ (၇၀)ခန့်သည် လောင်းရှည်မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် လူနေအိမ် အနီးဝန်းကျင်နှင့် အိမ်ခြံဝင်းအတွင်းထိ ကျရောက်ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။