မြဝတီမြို့ကို စောချစ်သူဦးဆောင်သည့် KNA တပ်ဖွဲ့မှ ထိန်းချုပ်ထားပြီး၊ ခလရ (၂၇၅)တွင် စစ်ကောင်စီအလံလွှင့်တင်ရန်ကူညီပေးခဲ့

မြဝတီမြို့ကို စောချစ်သူဦးဆောင်သည့် KNA တပ်ဖွဲ့မှ ထိန်းချုပ်ထားပြီး၊ ခလရ (၂၇၅)တွင် စစ်ကောင်စီအလံလွှင့်တင်ရန်ကူညီပေးခဲ့

မြဝတီကို လတ်တလောတွင် ဗိုလ်စောချစ်သူဦးဆောင်သည့် BGF တစ်ဖြစ်လည်း Karen National Army(KNA)အဖွဲ့မှ ထိန်းချုပ်ထားပြီး ၊ တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်ခဲ့သည့် မြဝတီမြို့စောင့်တပ် ခလရ (၂၇၅)တွင် စစ်ကောင်စီအလံ ပြန်လည်လွှင့်ထူရန် ကူညီပေးခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံမှသိရသည်။

“ညီနောင်ဗျူဟာမှာရှိတဲ့ ၃၅၅၊ ၃၅၆၊ ၃၅၇ ကို KNU ထိုင်မယ်၊ မြဝတီက (၂၇၅)ကို KNA ထိုင်မယ်ဆိုပြီး သူတို့အချင်းချင်း ညှိထားကြတယ်ကြားတယ် ။ အဲ့ဒါကနေ ဘယ်လိုဘယ်လိုလုပ်လိုက်လဲတော့မသိဘူး တပ်မ (၄၄)ဘတ်တံဆိပ်နဲ့တစ်ယောက်က မြဝတီ (၂၇၅)မှာ အလံလာတင်တယ်။”ဟု တော်လှန်ရေးသတင်းရင်းမြစ်မှဆိုသည်။

လတ်တလောမြဝတီမြို့၏ အခြေအနေသည် ရှုပ်ထွေးနေပြီး၊ တစ်ဖက်နှင့်တစ်ဖက် အပြစ်တင်မစောပဲ အပြုသဘောဆောင်ပြီး ချဉ်းကပ်ကြရန် လိုအပ်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးကဆိုသည်။

“အခု KNA ရဲ့လုပ်ရပ်ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအကြား နားလည်မှုလွဲစေပြီး ပြည်သူလူထုကို အားမလိုအားမရဖြစ်စေတယ်။ လက်ရှိအခင်းအကျင်းမှာ KNA အနေနဲ့ အရင်လို မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ကိုင်ပြီး လူနပ်ချမ်းသာ အကြာကြီးတော့ ဆက်နေလို့မရဘူး ၊ တစ်ဖက်ဖက်က ပြတ်ပြတ်သားသားရပ်တည်ရတော့မယ်။”ဟု ၎င်းကဆိုသည်။

လတ်တလောတွင် ကော့ကရိတ်မှ မြဝတီမြို့သို့ စစ်ကူတက်လာသည့် စစ်ကောင်စီစစ်ကြောင်းများကို တော်လှန်ရေးတပ်ဖွဲ့များမှ ကြားဖြတ်ချေမှုန်းနေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံမှသိရသည်။

#TachileikNewsAgency