ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ ကား ၃စီးနှင့် လက်နက်ကြီးတစ်လက် KPDF သိမ်းဆည်းရရှိ

ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ ကား ၃စီးနှင့် လက်နက်ကြီးတစ်လက် KPDF သိမ်းဆည်းရရှိ
အောက်တိုဘာ 4, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် KIA ပူးပေါင်း KPDFတပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ ကား(၃)စီးနှင့် လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း KPDFတပ်ဖွဲ့ထံမှ သိရသည်။

“4 Wheel အဖြူတစ်စီး၊ ကားအမဲတစ်စီး၊ ပါဂျဲရိုကားတစ်စီး စစ်ကောင်စီတပ်သားတွေဆီကနေ ရလိုက်တယ်။ အဲဒီ ပါဂျဲရိုကားပေါ်ကနေမှ လက်ထောက်လက်နက်ကြီးတစ်လက်ရလိုက်တယ်။”ဟု KPDFတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

ယမန်နေ့က ဆိုင်းတောင်ရွာရှိ KPDFတပ်ဖွဲ့များ ရောက်ရှိနေသည့်နေရာကို စစ်ကောင်စီတပ်များက လာရောက်တိုက်ခိုက်ရာက နှစ်ဖက်တပ်ဖွဲ့အကြား ညပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဆိုင်းတောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျကာ ဒေသခံများ၏ နေအိမ်တချို့လည်း မီးလောင်ပျက်စီးခဲ့ရပြီး စစ်ကောင်စီတပ်စွဲထားသည့်နေရာအနီးမှ ဆိုင်းတောင်ရွာလယ်ရှိ စာသင်ကျောင်းလည်း ကျောင်းပိတ်ကာ ကျောင်းသားများအား ပြန်လွှတ်လိုက်ရကြောင်း သိရသည်။

#TachileikNewsAgency