ကရင်နီပြည်နယ်တွင် စက်တင်ဘာလ၏ တစ်လတာအတွင်း တိုက်ပွဲပေါင်း (၅၇)ကြိမ်အထက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား (၁၀၀)ကျော် သေကာ လက်နက်ခဲယမ်းများလည်း KNDF က သိမ်းဆည်းရရှိခဲ့

ကရင်နီပြည်နယ်တွင် စက်တင်ဘာလ၏ တစ်လတာအတွင်း တိုက်ပွဲပေါင်း (၅၇)ကြိမ်အထက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား (၁၀၀)ကျော် သေကာ လက်နက်ခဲယမ်းများလည်း KNDF က သိမ်းဆည်းရရှိခဲ့
အောက်တိုဘာ 2, 2022 | 2021 Military Coup| ကယား

 ကရင်နီ(ကယား)ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ် နှင့် စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း (၅၇)ကြိမ် အထက်ဖြစ်ကာ စစ်ကောင်စီတပ်သား(၁၀၀)ကျော်သေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)ဗဟို က ယနေ့ ၂၀၂၂ခုနှစ် အောက်တိုဘာလ ( ၂ )ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ပြီးခဲ့သည့် စက်တင်ဘာလ၏ တစ်လတာအတွင်း ကရင်နီပြည်နယ်၌ ဒီးမော့ဆိုမြို့နယ်တွင် (၁၈)ကြိမ်၊ ဖရူဆိုမြို့နယ်တွင် (၁၄)ကြိမ်၊ လွိုင်ကော်မြို့နယ်တွင် (၁၁)ကြိမ်၊ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့တို့တွင် (၉) ကြိမ်၊ ရှားတောမြို့နယ်တွင် (၃)ကြိမ်၊ ဘောလခဲမြို့နယ်တွင် (၂) ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ (၁၀၄)ဦးကျော် သေပြီး (၆၀) ဦးကျော် ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ MA-1 (၃)လက် ၊ MA-2 (၃)လက် ၊ MA-3 (၈)လက် ၊ MG စက်သေနတ် ၁ လက် (၆၀) မမ အသီး၊ RPG အသီး၊ စွပ်ဗုံးနှင့် ခဲယမ်းများ၊ အ သုံးအဆောင်များကိုပါ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကား(၁)စီး ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ဘက်မှ ရဲဘော် (၅)ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

တစ်လအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံများ၏ နေအိမ်(၁၀၀) ကျော်၊ ဘုရားကျောင်း (၂)ကျောင်း ပျက်စီးခဲ့ရကာ လေကြောင်းတိုက်ခိုက်မှု (၁၆)ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပြည်သူ (၁၀)ဦး သေဆုံးခဲ့ပြီး (၁၉)ဦးဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ် ထောင်ထားသော မိုင်းနင်းမိ၍ ပြည်သူ(၁)ဦးသေဆုံးခဲ့ရပြီး (၄)ဦးဒဏ်ရာရရှိခဲ့သည့်အ ပြင် ဖမ်းဆီးသတ်ဖြတ်ခံရသည့် ပြည်သူ (၂)ဦး ရှိခဲ့ကြောင်း သိရ သည်။ 

စက်တင်ဘာလအစပိုင်းမှစ၍ စစ်ကောင်စီတပ်သည် လွိုင်ကော်၊  ဒီးမော့ဆို၊ ဖရူဆိုလမ်းမကြီးတစ်ကြောအား စစ်ကြောင်းထိုး တပ်ဖြန့်ခဲ့ကာ ဒီးမော့ဆို၊ နန်းမယ်ခုံ၊ မိုးဗြဲလမ်းမကြီးကိုလည်း စစ်ရေးအရ ထိမ်းချုပ်နိုင်ရန် စစ်ကြောင်းထိုးခြင်း၊ တပ်ဖြန့်ခြင်းများရှိနေ ခြင်းဖြစ်ကြောင်း သိရသည်။

 

Photo: KNDF