အောင်သာယာရွာ ပျူစောထီးစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ တိုက်ခိုက် လက်နက်ခဲယမ်းများနှင့် ပျူစောထီး(၈)ဦး အရှင်ဖမ်းမိ

အောင်သာယာရွာ ပျူစောထီးစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ တိုက်ခိုက် လက်နက်ခဲယမ်းများနှင့် ပျူစောထီး(၈)ဦး အရှင်ဖမ်းမိ
နိုဝင်ဘာ 24, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကန့်ဘလူ-ရေဦးအစပ်ရှိ အောင်သာယာရွာ ပျူစောထီးစခန်းအား ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့များက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီး(၈)ဦးအား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားသည့် အောင်သာယာရွာသို့ ရေဦးမြို့ဘက်မှ ဟောင်ဝှစ်ဇာဖြင့် ပစ်ကူပေးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များက ပျူစောထီးအထိုင်စခန်း၊ ဘန်ကာများအား သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့ကာ စစ်ဘက်အသုံးအဆောင်နှင့် လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

"အောင်သာယာ အကုန်သိမ်းနိုင်ခဲ့တယ်။ ပျူခေါင်းဆောင် အောင်နိုင်ထွန်းက တိုက်ပွဲစချိန် အစောကြီးကတည်းက ထွက်ပြေးသွားတယ်။ စစ်ရေးပစ်မှတ်နေရာတွေအကုန် ဖျက်ဆီးနိုင်ခဲ့တယ်။ ပြည်သူတွေ အထိအခိုက်မရှိပါဘူး။ လေကြောင်းပစ်ကူလာတော့ အဖွဲ့အားလုံး ပြန်ဆုတ်ခဲ့ကြတာ။”ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောကြောင်း Infinity Groupက ဖော်ပြထားသည်။ 

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားသည့် အောင်သာယာရွာအနီးသို့ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တစ်စီးဖြင့် မိနစ်(၂၀)ခန့် လေကြောင်းမှ ပစ်ကူပေးခဲ့ပြီး ရေဦးမြို့ဘက်မှ အောင်သာယာရွာဘက်သို့ စစ်ကူတက်လာသော အင်အား(၅၀)ကျော်ပါ စစ်ကြောင်းမှလည်း လေးရွာနှင့် ဇီးကန်ရွာကြားတွင် မိုင်းမိကာ လေးရွာအနီး၌ တပ်စွဲထားကြောင်း သိရသည်။

ရေဦးမြို့နယ် အောင်သာယာရွာပျူစောထီးစခန်းအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ (UG)စိန်ဗေဒါအဖွဲ့ နှင့် ဒေသတွင်းအခြေပြုလှုပ်ရှားနေသည့် LDFတပ်ပေါင်းစုများမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ ရဲဘော်(၇)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency