ကုန်းကြမ်းတပ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၈ဦး ဖမ်းဆီးခံရ တပ်ခွဲမှူးပစ်ခတ်ခံရပြီးသေဆုံး

ကုန်းကြမ်းတပ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၈ဦး ဖမ်းဆီးခံရ တပ်ခွဲမှူးပစ်ခတ်ခံရပြီးသေဆုံး
ဒီဇင်ဘာ 5, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ ကုန်းကြမ်းတပ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦးကို ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကာ တပ်ခွဲမှူးပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း MNDAAထံမှ သိရသည်။

MNDAAသည် ရှီးရှမ်းဒေသ ရှောက်ကိုင်ကြည်နေရာလမ်းခွဲတွင် ကုန်းကြမ်းတပ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦးကို ဖမ်းဆီးရမိခဲ့ပြီး စကခ(၁၂) လက်အောက်ခံ ခမရ(၅၄၅)မှ (၂)ဦး၊  ခမရ(၅၄၇)မှ (၂)ဦးနှင့် ပြည်သူ့စစ်အဖွဲ့ဝင် (၄)ဦးတို့ဖြစ်ကြောင်း သိရသည်။

ယင်းအထဲမှ ပစ်သတ်ခံရသည့် တပ်ခွဲမှူးတစ်ဦးမှာ တာရွှေထန်အမြောက်တပ်ရင်းမှ ကုန်းကြမ်းတပ်စခန်းသို့ ပြောင်း‌ရွှေ့လာသူဖြစ်ကြောင်း သိရသည်။ 

ကုန်းကြမ်းစခန်းမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ(၁၂၅)၊ စကခ(၁၂၊ ၁၆)မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် (၂၇၂)ဦး လက်နက်ချအလင်းဝင်လာပြီးနောက် စကခ(၁၆)မှူး အပါအဝင် စစ်ကောင်စီတပ်သား (၂၈၀)ကျော် ထွက်ပြေးသွားသဖြင့် MNDAAက ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့က စတင်၍ လိုက်လံတိုက်ခိုက်နေခြင်းဖြစ်သည်။

ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား (၂၈၀)ကျော်ကို ရှီရှမ်းဒေသ ရှောက်ကိုင်အုပ်စု၊ ဝကြည်ကျိုင့်ရွာနှင့် စူကြာကျိုင့်ရွာကြားရှိ တောင်ကုန်းအောက်ခြေတွင် နိုဝင်ဘာလ (၃၀)ရက်နေ့တွင် MNDAAက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အလောင်း(၂၀)လောင်းအား တွေ့ရှိပြီး ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အလောင်း(၇၀)နှင့် စစ်သုံ့ပန်း(၄)ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ 

ထို့အပြင် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိပြီး သိမ်းဆည်းရရှိ‌သော ပစ္စည်းများထဲတွင် မူးယစ်ဆေးဝါးများလည်း ပါရှိခဲ့သည်ဟု သိရသည်။

ထို့ပြင် ဒီဇင်ဘာလ (၃)ရက်‌နေ့ကလည်း သိန္နီခရိုင် မိုင်းယော်‌ဒေသ မုံးကျက်စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီ ခမရ (၅၂၀)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို MNDAAက ဖမ်းဆီးရမိခဲ့သည်။

#TachileikNewsAgency