NCA ရေးထိုးထားသည့် အဖွဲ့များ ထိန်းချုပ်ရောဒေသများတွင် ကိုယ်ပိုင်ပြဌာန်းခွင့်၏ အုပ်ချုပ်ရေးစနစ်နှင့် စတင်အုပ်ချုပ်သွားရမည်ဟု ဗိုလ်ချုပ်ကြီးယွက်ဆစ်ပြော

NCA ရေးထိုးထားသည့် အဖွဲ့များ ထိန်းချုပ်ရောဒေသများတွင် ကိုယ်ပိုင်ပြဌာန်းခွင့်၏ အုပ်ချုပ်ရေးစနစ်နှင့် စတင်အုပ်ချုပ်သွားရမည်ဟု ဗိုလ်ချုပ်ကြီးယွက်ဆစ်ပြော

 အပစ်ရပ်လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာဒေသများတွင် ကိုယ်ပိုင်ပြဌာန်းခွင့်၏ အုပ်ချုပ်ရေးစနစ်နှင့် စတင်အုပ်ချုပ်သွားရမည်ဟု NCA အဖွဲ့များ၏ သဘာပတိ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။

NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့သည် မတ် (၁၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ (၃)ရက်ကြာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးနေရာ အဖွင့်မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ယင်းသို့ပြောဆိုခြင်းဖြစ်သည်။

"မိမိတို့ (၇)ဖွဲ့ရဲ့ ထိန်းချုပ်တဲ့ နယ်မြေဒေသအသီးသီးမှာ မိမိတို့ကိုယ်ပိုင်ပြဌာန်းခွင့်ရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ စတင်အုပ်ချုပ်သွားရမှာ ဖြစ်ပါတယ်။ မိမိတို့ဒေသမှာရှိနေတဲ့ လူထုတွေအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအပါအဝင် အခြားဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။"ဟု ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တဆင့်ပြီး တဆင့်တည်ဆောက်သွားရမည်ဖြစ်ပြီး တဖက်တွင်လည်း NCA (၇)ဖွဲ့ကြား အတွင်း မတူတာကိုခွဲလုပ်၊ တူတာကို တွဲလုပ်ဆိုသည့်အတိုင်း ဆောင်ရွက်သွားရန်လိုသည်ဟု ဆိုသည်။

ထို့အပြင် ယခုမျက်နှာစုံညီအစည်းအဝေးတွင် ပြင်ဆင်ရေးအလုပ် အဖွဲ့၏  (၇)ဖွဲ့ စုဖွဲ့မှုပုံစံသစ်အတွက် ပြင်ဆင်ထားသည့် နိုင်ငံရေး ဆိုင်ရာ အဆိုပြုချက်များ(မူကြမ်း)နှငိ့ စုဖွဲ့မှုအသစ်၏ ဖွဲ့စည်းပုံ စည်းမျှဉ်း(မူကြမ်း)တို့ကို အကြေအလည်ဆွေးနွေးပြီး အတည်ပြုနိုင်ရေးကြိုးပမ်းသွားမည်ဖြစ်သည်ဟု သိရသည်။

"ဒီအစည်းအဝေးမှာ လက်ရှိနိုင်ငံရေးအခြေအနေသုံးသပ်ခြင်းအပါအဝင် တခြားအရေးပါတဲ့အကြောင်းအရာတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။"ဟု ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြောသည်။

နိုင်ငံရေး၊ စစ်ရေးအခြေအနေများသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေပြီး NCA (၇)ဖွဲ့အတွင်းမှ တချို့အဖွဲ့များသည် တိုက်ပွဲဝင်နေသည်ကိုတွေ့ရှိခဲ့ရပြီး အဆိုပါအချက်က လက်ရှိအခြေအနေကို မီး မောင်းထိုးပြနေကာ ထိလွယ်၊ ရှလွယ် အခြေအနေဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြောဆိုသည်။

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များထဲမှ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ပြန်လည်တော်လှန်ခဲ့ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှာ ၂၀၂၄ ခုနှစ်တွင် ပြန်လည်တော်လှန်သည့်အထဲ ပါဝင်လာခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: NCA-S EAO