ကာဒီနယ် ချားလ်စ်ဘို နှင့် အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင်တို့ တွေ့ဆုံမှုအပေါ် ကက်သလစ်ဘာသာဝင်များအတွက် ထိတ်လန့်တုန်လှုပ် ဝမ်းနည်းစိတ်ပျက်ရကြောင်း  ICJM   ထုတ်ပြန်

ကာဒီနယ် ချားလ်စ်ဘို နှင့် အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင်တို့ တွေ့ဆုံမှုအပေါ် ကက်သလစ်ဘာသာဝင်များအတွက် ထိတ်လန့်တုန်လှုပ် ဝမ်းနည်းစိတ်ပျက်ရကြောင်း  ICJM   ထုတ်ပြန်
ဒီဇင်ဘာ 24, 2021 | အခြားဒေသများ

ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို နှင့် အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ တွေ့ဆုံမှုသည် ကက်သလစ်ဘာသာဝင်များကို ကိုယ်စားမပြုကြောင်းနှင့် ယင်းသို့ လက်ခံတွေ့ဆုံမှုအား ကက်သလစ်ဘာသာဝင်များ အနေဖြင့် အင်မတန် ထိတ်လန့်တုန်လှုပ် ဝမ်းနည်းစိတ်ပျက် ရကြောင်း ICJM က ဒီဇင်ဘာလ(၂၃)ရက်နေ့က ညပိုင်းက သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။

၎င်းတွေ့ဆုံခြင်းသည် မြန်မာပြည် ကက်သလစ် ဘာသာဝင်များ အားလုံးနီးပါး၏ ဆန္ဒနှင့် ဆန့်ကျင်သည့်အတွက်ကြောင့် ဘာသာဝင်များကို ကိုယ်စားမပြုကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီအား မည်သို့သော အကြောင်းပြချက်များအားဖြင့် ဖြစ်စေ အသိအမှတ်ပြုနေသော ကာဒီနယ်ချားလ်စ်ဘို နှင့်တကွ မည်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းကိုမဆို Independent Catholics for Justice in Myanmar - ICJM အနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်အသိပေးထားရှိသည်။

ယခုလို တွေ့ဆုံခြင်းသည်  အကြမ်းဖက်အာဏာသိမ်းချိန် ကာလမှစ၍ ယခုအချိန်အထိ မတရားသတ်ဖြတ် ဖမ်းဆီးခံခဲ့ရသူများနှင့် ဘုရားကျောင်းများ ဖျက်ဆီးခံခဲ့ရမှုအပေါ် မျက်နှာလွှဲကာ စော်ကားခြင်းဖြစ်သည်ဟု သတ်မှတ်ကြောင်း နှင့် ICJM သည် တရားမျှတမှုအတွက် ရပ်တည်သော အဖွဲ့အစည်းဖြစ်သည့်အလျှောက် မတရားမှုကိုကျူးလွန်နေသောသူများနှင့် ပူးပေါင်းနေသူများအား ချွင်းချက်မရှိ ဆန့်ကျင်ပြီး တရားမျှတမှုအတွက် တော်လှန်တိုက်ပွဲဝင်နေကြသောသူများနှင့်အတူအမြဲ ရပ်တည်သွားမည် ဖြစ်ကြောင်းလည်း အသိပေးထားရှိသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့က ကျင်းပသည့် ခရစ္စမတ်နေ့အထိမ်းအမှတ် စုပေါင်းဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ စိန့်မေရီကယ်သီဒြယ် ဘုရားရှိခိုးကျောင်းအနီးရှိ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီးကာဒီနယ်ချားလ်စ်ဘို၏ ကျောင်းတိုက်တွင် ကျင်းပပြုလုပ် ခြင်းဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး ကျပ်သိန်း(၂၀၀) လှူဒါန်းခဲ့သည်ဟု သိရသည်။

 

ယင်းသို့တွေ့ဆုံမှုနှင့် ပတ်သက်၍ ကက်သလစ်ဘာသာတူများအကြား ကာဒီနယ် ချားလ်စ်ဘိုအပေါ် ပြင်းထန်သည့် ဝေဖန်မှုများ ထွက်ပေါ်နေသည်။

#TachileikNewsAgency